မော်လမြိုင် – ဧပြီ(၄)

အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့လုပ်ရပ်တွေကြောင့် သက်ကြီးရွယ်အိုတွေဟာ

နေရပ်စွန့်ခွာထွက်ပြေး နေရသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။

နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ Open-Ended Working Group on Ageing ရဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ဧပြီလ(၃) ရက်ကနေ (၆) ရက်နေ့အထိ ကျင်းပနေပြီး အဲဒီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး က မိန့်ခွန်း ပြောခဲ့တာပါ။

နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံအရေးကိစ္စ၊အဓိကအားဖြင့် သက်ကြီးရွယ်အိုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအပေါ် အထူးအလေးထားအာရုံစိုက်ဖို့၊ထိရောက်မှုရှိတဲ့ အရေးယူဆောင်ရွက်မှုနဲ့ အကူအညီတွေလိုအပ်နေတယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၅) နှစ်က UNFPA ကစုစည်းထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရှိ သက်ကြီး ရွယ်အိုဦးရေဟာ လာမယ့် နှစ်ပေါင်း (၃၀) အတွင်း သုံးဆမြင့်တက်လာမှာဖြစ်ပြီး သက်ကြီးရွယ်အို တွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် လူမှုရေးဝန်ဆောင်မှုတွေ အကာအကွယ်ပေးရေး ယန္တရားတွေ နဲ့ မူဝါဒတွေအပေါ်မှာ အလေးထားဖို့ အကြုံပြုချက်တွေကို အခြေပြုပြီး သိသာထင်ရှားတဲ့ တိုးတက် မှုတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အငြိမ်းစားပင်စင်လစာတိုးမြှင့်တာ၊ ဘိုးဘွားရိပ်သာတွေဖွင့်လှစ်တာ၊ အသိုက်အဝန်းအပေါ် အခြေခံတဲ့ စောင့်ရှောက်ရေး အစီအစဉ်တွေစီမံပေးတာ၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးမယ့် သူတွေကို သင်တန်းပေးတာ၊ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်တိုးမြှင့် ဆောင်ရွက်ပေးတာနဲ့ အိမ်ရာထောက်ပံ့မှုတွေပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၂)သန်းနီးပါးထွက်ပြေးတိမ်းရှောင်နေရ ပြီး လေကြောင်းတိုက်ခိုက်မှု နဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာတွေကြောင့် ပြည်သူ (၇၀၀) ကျော် သေဆုံးထားရတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။

Open-Ended Working Group on Ageing ရဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေသာမက (A) အဆင့်ရှိတဲ့ National Human Rights Institutions-NHRIs (၁၅) ဖွဲ့နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (၁၇) ဖွဲ့တို့ ပါဝင်တက်ရောက်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.