စစ်ကောင်စီရဲ့ ကုန်သွယ်မှုကန့်သတ်ချက်တွေကြောင့် ကုန်ပစ္စည်းရှားပါးမှုနဲ့ ကြုံရနိုင်

0
2700

နေပြည်တော် ၊ မတ် (၃၀)

အာဏာသိမ်းစစ်ကောင်စီရဲ့ ကုန်သွယ်မှုကန့်သတ်ချက်တွေနဲ့အတူ ပြည်တွင်း MSMEs လုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် စွမ်းဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကုန်ပစ္စည်းတင်သွင်းမှုတွေကို တင်းကျပ်လာတဲ့အတွက် လာမယ့်ကာလအတွင်း ကုန်ပစ္စည်းရှားပါးမှုနဲ့ ကြုံရနိုင်တယ်လို့ စီးပွားလုပ်ငန်းရှင်တွေက သုံးသပ်တာပါ။

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက တရားမဝင်ကုန်သွယ်မှုတွေကြောင့် ပြည်တွင်းအသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)တွေ တိုးတက်ဖို့ အဟန့်အတား ဖြစ်နေတယ်လို့ မတ် ၂၉ ရက်နေ့က ပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဒါကြောင့် ပြည်တွင်း MSMEs လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် ပြည်ပကနေ အကောက်ခွန်မဲ့တင်သွင်းလာတဲ့ ကုန်စည်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတားဆီးဖို့ ဥပဒေနဲ့အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားဖို့ ပြောဆိုလာတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ ပြည်ကနေတင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကိုလည်း နယ်စပ်ကုန်သွယ်ရေးဇုန်တွေမှာ တရားဝင်ကုန်စည် ဟုတ်၊ မဟုတ် တင်းကျပ်စွာစစ်ဆေးနေသလို အမျိုးအစားကွဲလွဲတာနဲ့ သိမ်းဆည်းတာအပြင် အရေးယူဒဏ်ရိုက်တာတွေပါ လုပ်ဆောင်နေပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်းမှာ တစ်နိုင်တစ်ပိုင်ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ကုန်ပစ္စည်းဝင်ရောက်မှုတွေကို စစ်ကောင်စီဘက်က တားဆီးနေတာကြောင့် ကုန်ပစ္စည်းရှားပါးပြီး ပိုမိုကျပ်တည်းလာနိုင်တယ်လို့ သုံးသပ်တာပါ။

“ကျွန်တော်တို့နိုင်ငံက ကိုယ့်ဟာကို ပြည်တွင်းမှာပဲ တချို့ပစ္စည်းလေးတွေက ရှိတယ်ဗျ။ စားသောက်ဖို့ဆိုရင်တော့ နိုင်ငံခြားကိုမှီခိုပြီး အားကိုးစရာမလိုဘူးပေါ့နော်။ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေပဲ နည်းနည်းအားကိုးရတာပေါ့။ ဆိုတော့ တချို့ အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေဆိုရင် ပြည်တွင်းမှာ လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားကနေသွင်းဖို့ ဆိုတာထက် ကိုယ့်နိုင်ငံမှာ အဲဒီလိုပညာရှင်နဲ့ပေါင်းပြီးတော့ ကိုယ်ပိုင်တစ်ပိုင်တစ်နိုင် ထုတ်နိုင်ရင်တော့ ပိုကောင်းမယ့် အနေအထားတော့ ရှိတယ်။ မဟုတ်ရင် ခက်တယ်ဗျ။ နောက်ပိုင်းက ကျပ်လာဖို့ပဲရှိတယ်။ ကုန်သွယ်ရေးတွေကို ထိန်းချုပ်တာတို့၊ ငွေကြေးဈေးကွက်တွေ ကမောက်ကမဖြစ်နေတာတို့၊ ကုန်သွယ်မှုတွေက မညီမမျှ ဖြစ်နေတာတို့ အများကြီးဖြစ်နေတာဆိုတော့ ပြောရမယ်ဆိုဗျာ ပေါ်လစီအရဆိုရင်တော့ ပြည့်အင်အားသည် ပြည်တွင်းမှာပဲ ရှိတာပေါ့နော်။ အဲဒီတော့ လုပ်ငန်းရှင်တွေအနေနဲ့က Import တို့ဘာတို့ သူများနိုင်ငံက ပစ္စည်းတွေကို သွင်းမယ့်အစားပေါ့။ ကိုယ်နိုင်ငံမှာပဲ တချို့လိုအပ်တဲ့ ပစ္စည်းတွေရအောင်ထုတ်ဖို့။ ပြီးတော့ နိုင်ငံခြားဈေး ကွက်ထက် ပြည်တွင်းဈေးကွက်ကို အဓိကအားထားဖို့ကို အဲဒီလိုမျိုး ပုံစံတွေကတော့ ပြန်ပြောင်းရမယ်ထင်တယ်”လို့ ဆိုပါတယ်။

လက်ရှိ အနေအထားအရ ပြည်တွင်းမှာထွက်ရှိနေတဲ့ ထုတ်ကုန်တွေဟာဆိုရင် လုံလောက်မှုမရှိသလို ဈေး ကွက်အတွင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတဲ့အခြေအနေမှ ပြည်ပကတင်သွင်းနေရတဲ့ ကုန်ပစ္စည်းတွေကို ပိုမိုတင်းကျပ်လာပါက ပြည်သူတွေအနေနဲ့ ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကို အလူးအလဲ ခံစားရနိုင်တယ် လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ပြည်တွင်းမှာ လျှပ်စစ်မီးပင်မှန်အောင် မပေးနိုင်သေးဘဲ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ထုတ်လုပ်ကြဖို့နဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) တို့ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြဖို့ အမြဲလိုတိုက်တွန်းနေတာပါ။

MSME လုပ်ငန်းရှင်တစ်ဦးကတော့ လျှပ်စစ်မီးမမှန်တာကြောင့် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှု အပါအဝင် လုပ်ငန်းနှောင့်နှေးမှုကို ရင်ဆိုင်နေသလို နစ်နာမှုတွေနဲ့ ဆက်တိုက်ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မီးပြတ်တဲ့အခါကျတော့ လုပ်ငန်းကတော့ နှောင့်နှေးတာပေါ့။ မီးစက်တော့ အရန်အနေအထားနဲ့ သုံးနေရတယ်။ ဆိုတော့ အလုပ်ကတော့ ကြန့်ကြာမှုရှိတယ်။ နည်းနည်းလေး ဝိတ်တက်တာပေါ့။ မီးစက်သုံးတဲ့အခါ ကျတော့ ကျွန်တော်တို့က ဆီကုန်တယ်လေ။ အလုပ်တွင်မှု နှောင့်နှေးတာပေါ့၊ မီးမလာရင်တော့ အလုပ်ကြန့် ကြာမှု ရှိတာပေါ့။ ကျွန်တော်တို့ကတော့ မီးကိုအားကိုးပြီး အလုပ်လုပ်နေရတဲ့ အတွက်ကြောင့် အလုပ်ကြန့်ကြာ မှု ရှိတယ်။ နည်းနည်း လေဘာခပျောက်တာပေါ့။ ပုံမှန် ကျွန် တော်တို့က (၂)ရက်ပြီးရမယ့်ဟာ (၂)ရက်ခွဲ လောက် လုပ်နေရတဲ့အနေအထားဖြစ်တယ်။ အလေအ လွင့်ဖြစ်တဲ့အလျောက် သူ့ရဲ့လေဘာခတွေ၊ အချိန်တွေ ဆုံးရှုံးမှုဖြစ်တာပေါ့။ ဒီပြဿနာက ကျွန် တော် တစ်ယောက်တည်း ခံစားနေရတာမဟုတ်ဘူး။ လက်ရှိ အားလုံးက ခံစားနေရတယ်။ ဘာကြောင့်ဆိုတော့ အလုပ်လုပ်နေကြတဲ့လူတိုင်းဟာ လျှပ်စစ်မီးကို အားကိုးပြီး အလုပ်လုပ်နေကြတာဖြစ်တဲ့ အတွက်ကြောင့် ဒါမပြည့်စုံတဲ့အပေါ်မှာ အားလုံးက နစ်နာမှုရှိမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ဆိုပါတယ်။

လျှပ်စစ်မီးပုံမှန်ရရှိခြင်း မရှိတော့တဲ့အတွက် (MSME) လုပ်ငန်းအများစုဟာ မီးစက်ကြီးတွေကိုသာ အဓိကထား အားကိုးပြီး လုပ်ကိုင်နေရတာကြောင့် ကုန်ကျစရိတ် ပိုမိုကုန်ကျတဲ့အတွက် လုပ်ငန်းအများစု လုပ်ငန်းလျော့ချ လုပ်ကိုင်တာတွေ ရှိနေသလို တချို့လုပ်ငန်းတွေက အပြီးပိုင်ရပ်နားတာတွေ ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဆိုးရွားတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ မူဝါဒအပြောင်းအလဲတွေကြောင့်လည်း မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားတဲ့သက် ရောက်မှုတွေ ဆက်ရှိနေပြီး လူတစ်ဦးချင်းရဲ့ ဂျီဒီပီဟာ ကိုဗစ်ကာလမတိုင်မီ ကာလအောက် (၁၃) ရာခိုင်နှုန်း ရောက်ရှိတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Phoe Khwar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.