KNU တောင်ငူခရိုင်က စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရ

0
2991

တောင်ငူ၊ မတ်(၂၈)

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေမှာ မတ်လ(၂၇)ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်စခန်း၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

KNU တောင်ငူခရိုင် တပ်မဟာ(၂) တောင်ငူ-သံတောင်(၁၃)မိုင်ကားလမ်းပေါ်ရှိ ကရင်ချောင်းတံတားဂိတ် မှာရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက မတ်(၂၇)ရက်နေ့ မနက်(၇) နာရီခွဲ အချိန်လောက်မှာ လာရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကိုတော့ မသိရှိရသေးပါဘူး။

ဒါ့အပြင် KNU တပ်မဟာ(၂)နယ်မြေ လိပ်သိုမြို့နယ် ထုံးဘိုကြီးကျေးရွာနဲ့ ဗဟုန်းကျေးရွာတွေဘက်မှာလည်း မတ်(၂၇)ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ လာရောက်ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လိပ်သိုမြို့နယ် ဗဟုန်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေယာဉ်ပစ်ကူ အသုံးပြုပြီး ပြန်လည်ပစ်ခတ်နေသလို ဒေသခံပြည်သူတွေလည်း တိမ်းရှောင်နေရတယ်လို့ လိပ်သိုဒေသခံတွေက ပြောကြပါတယ်။

လိပ်သိုမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲအခြေအနေကြောင့် ထိခိုက်မှုကိုတော့ လက်ရှိမှာမသိရှိရသေးဘဲ စစ်ရေးအခြေအနေကြောင့် ဖဟုန်း လိပ်သို တောင်ငူလမ်းပိုင်းကိုလည်း အခုရက်ပိုင်းတွေထဲ သွား လာတာတွေ မပြုလုပ်ကြဖို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

KNU တပ်မဟာ(၂)နယ်မြေအတွင်းရှိ သံတောင်ကြီးမြို့နယ် စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်မြို့ကို ပြီးခဲ့တဲ့ မတ်လ(၁၇)ရက်နေ့က တော်လှန်ရေးအင်အားစုအဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ သွားရောက်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သလို သံတောင်မြို့ ၁၃ မိုင်နဲ့ သံတောင်ကြီး ကားလမ်းပေါ်မှာ နှစ်ဖက်စစ်ရေးပြင်းထန်နေမှုကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရဆဲပဲလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.