စစ်ကောင်စီ မယ်ကထာ့တပ်စခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

0
3195

ဖာပွန်၊ မတ် (၂၈)

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ထိုင်း -မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ မယ်ကထာ့တပ်စခန်းကို ဒီနေ့ မတ်လ(၂၈)ရက်နေ့ မနက်ပိုင်းမှာ KNLA တပ်မဟာ(၅)ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တပ်မဟာ(၅)ပြောခွင့်ရသူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အတည်ပြုပြောကြားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးရှိ သက်တမ်းအရှည်ဆုံးစခန်းတစ်ခုဖြစ်တဲ့ စစ်ကောင်စီ မယ်ကထာတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက် ၅ နာရီအချိန်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်ထိတွေ့မှု ၁ နာရီနီးပါးအကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ မယ်ကထာ့တပ်စခန်းကို KNLA မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရခဲ့သလို စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များပြားပေမယ့် အရေအတွက်အတိအကျ မသိရသေးဘူးလို့ Force for Federal Democracy-FFD က ထုတ်ပြန်ထားပါတယ်။

FFD ထုတ်ပြန်ချက်အရ စခန်းသိမ်းတိုက်ပွဲမှာ ဒရုန်းအင်အားအမြောက်အများ အသုံးပြုပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ မယ်ကထာ့တပ်စခန်းသိမ်း တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရှိနေသလို စခန်းမီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်တွေ ဆက်တိုက်လာနေတယ်လို့ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.