စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိလာ

0
2213

နေပြည်တော်၊ မတ်(၂၆)

စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိလာပြီလို့ ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ပါတယ်

။ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ ရှမ်းပြည်ကိုးကန့်ဒီမို ကရက်တစ်ပါတီ၊ နာဂအမျိုးသားပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ”ဝ”အမျိုးသားပါတီနဲ့ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီတို့ မတ် ၂၄ ရက်နေ့မှာ မှတ်ပုံတင်ခွင့် လျှောက်ထားပါတယ်။

အလားတူ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ပြည်သူ့ပါတီ၊အမျိုးသမီးပါတီ(မွန်)၊ မြိုတိုင်းရင်းသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့လည်း ပါဝင်ပါတယ်။ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၂၄ ရက်နေ့အထိ ပါတီမှတ်ပုံတင်ဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားတဲ့ ပါတီ ၈ ပါတီရှိပြီး ပါတီမှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားတဲ့ ပါတီ ၄၄ ပါတီအထိရှိကာ စုစုပေါင်း ၅၂ ပါတီ ဖြစ်ပါတယ်။

ပြည်ထောင်စုတဝန်းစည်းရုံးမယ့်ပါတီ ၁၂ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ စည်းရုံးမယ့် ပါတီ ၄၀ ဖြစ်ပြီး အဲဒီပါတီတွေကို တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး UEC က ဆက်လက်စိစစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၅ ပါတီအထိ ပါဝင်နေပြီး မိမိတို့လူမျိုးစုတွေ အများဆုံးနေထိုင်ကြတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအပါအဝင် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်စတဲ့ ဒေသတစ်ခုအတွင်းမှာသာ စည်းရုံးကြမှာပါ။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေထဲက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ လားဟူအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယား ပြည်နယ်ဒီမိုကရက် တစ်ပါတီနဲ့ ကရင်ပြည်သူ့ပါတီတို့ကတော့ မှတ်ပုံမတင်ရသေးပါဘူး။

ပါတီမှတ်ပုံတင်ခွင့်ကိုတော့ မတ် ၂၈ ရက်နေ့ နောက်ဆုံးထားလျှောက်ကြဖို့ စစ်ကောင်စီက သတ် မှတ်ထားတဲ့အတွက် ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ဖို့ ရက်ပိုင်းသာကျန်ရှိတော့တာပါ။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခွင့် လျှောက် ထားကြဖို့နဲ့ မလျှောက်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်မယ်လို့ ပြဌာန်းထားပါတယ်။အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကတော့ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.