ဘန်ကောက် – ဖေဖော်ဝါရီ(၂)
ထိုင်းနိုင်ငံမှာ လျှပ်စစ်အားသွင်းစီးကရက်အစားထိုး e-cigarette (vape) တွေကို လက်ဝယ်တွေ့ရှိရင် ထောင်ဒဏ်(၅)နှစ်နဲ့ အမြင့်ဆုံ ဒဏ်ကြေးပေးဆောင်ရနိုင်တယ်လို့ ရှေ့နေတစ်ဦးက သတိပေးခဲ့ပါတယ်။
ဒီသတိပေးချက်ဟာ ထိုင်ဝမ်မင်းသမီးတစ်ဦးဆီကနေ Vape တွေ့ရှိချိန်မှာ ဘန်ကောက်ရဲ တွေက လာဘ်ငွေတောင်းပြီး မျက်ကွယ်ပြုဖို့ လုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် ထွက်ပေါ်လာတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၅) ရက်နေ့က ရဲတပ်ဖွဲ့ခေါင်းဆောင်(၂) ဦးနဲ့ တပ်ကြပ်အဆင့်ရှိသူ (၅) ဦးတို့ ဟာ ဟွေကွမ်ဘူတာရုံမှာ Vape သယ်ဆောင်ထာတဲ့ ထိုင်ဝမ်မင်းသမီး ချာလီနန်ကို စည်းကမ်းချိုး ဖောက်တယ်ဆိုကာ ဖမ်းဆီးပြီးနောက် ဘတ်ငွေ(၂၇၀၀၀) ပေးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ Vape နဲ့ပတ်သက်တဲ့ ကိရိယာတွေနေရာအနှံ့မှာအလွယ်တကူဝယ်ယူရရှိနေချိန်မှာ ထိုင်ဝမ်မင်းသမီးကို Vape ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြု သူတွေကြား အငြင်းပွားနေကြပါတယ်။
ရှေ့နေတစ်ဦးကတော့ Vape ကိုင်ဆောင်သူတွေဟာ ထောင်ဒဏ်(၅)နှစ်အထိကျခံရနိုင်ပြီး ဒဏ် ငွေအဖြစ်လည်း မိမိကိုင်ဆောင်ထားတဲ့ Vape တန်ဖိုးရဲ့ လေးဆ ပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Vape ကိုင်ဆောင်တာဟာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေရဲ့ အခန်း(၄၂) ကို ချိုးဖောက်တာဖြစ်တဲ့အတွက် ဘတ်ငွေ(၅၀၀၀) အထိပေးဆောင်ရမှာဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။
ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်တည်းကစပြီး အီးစီးကရက် ကိရိယာတွေ Baraku နဲ့ လျှပ်စစ်ဓာတ်အားသုံး Baraku ဆေးလိပ်အစားထိုးကိရိယာ တင်သွင်းတာကို ကန့်သတ်ထားပြီး Vape မှာအသုံးပြုတဲ့ အရည်တွေလည်း အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။
Vape ဒါမှမဟုတ် Vape မှာထည့်သွင်းအသုံးပြုတဲ့ အရည်တွေ တင်သွင်းတာဟာ ထိုင်းနိုင်ငံရဲ့ သွင်းကုန်/ပို့ကုန် အက်ဥပဒေပုဒ်မ-၂၀ ကို ဖောက်ဖျက်ကျူးလွန်တာဖြစ်တဲ့အတွက် ထောင်ဒဏ် (၁၀) နှစ်ဒါမှမဟုတ် ကုန်ပစ္စည်းတန်ဖိုးရဲ့ ငါးဆအထိ ဒဏ်ငွေဆောင်ရနိုင်ပါတယ်။
ထိုင်းစားသုံးသူအကာအကွယ်ပေးရေးဘုတ်အဖွဲ့က အီးစီးကရက်၊ ဘာရာကူ၊ အီး-ဘာရာကူနဲ့ သက်ဆိုင်တဲ့ ကိရိယာတွေထဲကို ထည့်သွင်းသုံးစွဲရတဲ့ အရည်ရောင်းချတာကို ၂၀၁၅ ခုနှစ်မှာ တားမြစ်ခဲ့ပြီး ဖောက်ဖျက်ကျူးလွန်သူတွေကို ထောင်ဒဏ် (၅) နှစ်နဲ့ ဒဏ်ငွေ ဘတ်(၅)သိန်း ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ သိရပါတယ်။
Ref:Nationathailand

