မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂)

မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားတဲ့ ဒေါက်တာဗညားအောင်မိုးကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ အနားပေးပြီး ဗဟိုအကြံ ပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ စစ်ကောင်စီ ဗဟိုအကြံပေးဖွဲ့ကို ဒေါက်တာ ဗညားအောင်မိုးအပါအဝင် အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။

အရေးပေါ်ကာလသက်တမ်း ၂ နှစ်ပြည့်မြောက်တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်ယူတဲ့ စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ ပုဒ်မ ၄၂၅ အရ နောက်ထပ် ၆ လ သက်တမ်းထပ်မံတိုးမြင့်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေကိုလည်း ပြောင်းလဲခန့်အပ်ခဲ့တာပါ။

စစ်ကောင်စီက ကောင်စီအဖွဲ့ဝင်တွေကို ပြောင်းလဲဖွဲ့စည်းရာမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကောင်စီအဖွဲ့ဝင်တွေအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာဗညားအောင်မိုး၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွှန့် ၊ ဒေါ်အေးနုစိန် အပါအဝင် အရပ်ဘက်က နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ် ပြောင်းရွှေ့လိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါ ရီလအတွင်း စစ်ကောင်စီက သူတို့အဖွဲ့မှာ မွန်ညီညွတ် ရေးပါတီကို အဖွဲ့ဝင်အဖြစ် ပါဝင်ပေးဖို့ ကမ်းလှမ်းခဲ့ရာ ဒေါက်တာ ဗညားအောင်မိုးက ပြည်ထောင်စုအဆင့်နဲ့ နိုင်လယိတမက ပြည်နယ်အဆင့်မှာ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။

ဒေါက်တာ ဗညားအောင်မိုးဟာ မွန်ညီညွတ်ရေးပါတီဝင်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ရေးမြို့နယ်၊ မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက် ဒေါက်တာဗညားအောင်မိုးဟာ စစ်ခေါင်းဆောင်တွေနည်းတူ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ခံထားရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့နှစ် အမျိုး သားနေ့မှာ ဒေါက်တာဗညားအောင်မိုးဟာ နိုင်ငံတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်မှုအတွက် ဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ်ဖြစ်တဲ့ စည်သူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.