စစ်တပ် CDM တွေအတွက် အမေရိကန် ဖွင့်ပေးတဲ့လမ်း ဘယ်လောက်ပေါက်မလဲ

0
7818

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ ထက်မနည်းသုံးစွဲပြီး အကူအညီပေးမယ့် အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဥပဒေကို သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၉ ရက်မှာ ပူပူနွေးနွေး လက်မှတ်ထိုး အတည်ပြုပေးလိုက်ပါတယ်။

ဒီအထဲမှာ နွေဦးတော်လှန်ရေးအတွက် လက်နက်အကူအညီပေးမယ့် အစီအစဉ်တွေ မပါဝင်ဘူးဆိုသော်ငြားလည်း အမေရိကန်ရဲ့ အကူအညီဟာ အာဏာရှင်ပြုတ်ကျရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်ပါလာပါလိမ့်မယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးနေပုံ (Photo by Tasos Katopodis/Getty Images)

ဒီငွေတွေနဲ့ လူသားချင်းစာနာထောက်ထားမှု၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကို အကူအညီပေးမယ်လို့ ဆိုပါတယ်။

ဒီအထဲမှာထူးခြားတာတစ်ခုကတော့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ တပ်သားတွေ၊ အရာရှိတွေကိုလည်း အကူအညီပေးမယ်လို့ ဆိုထားပါတယ်။ အမေရိကန်အစိုးရရဲ့ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဥပဒေမှာ တပ်ကထွက်လာတဲ့ CDM တွေကို ဒီငွေတွေနဲ့ အကူအညီပေးနိုင်တယ်လို့ စကားလုံးတိတိကျကျ သုံးနှုန်းပြဋ္ဌာန်းထားတာကလည်း ထူးခြားမှုတစ်ခုပါပဲ။

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေး၊ ပညာရေး၊ မီးရထားကဲ့သို့သော ပို့ဆောင်ဆက်သွယ်ရေး ဝန်ထမ်းတွေအပြင် စစ်တပ်က အရာရှိအချို့လည်း မိခင်တပ်ရင်းကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို ဝင်လာကြတာကို တွေ့မြင်ခဲ့ကြရပါတယ်။ ဝန်ထမ်းတွေဟာ နှစ်ရှည်လများ လုပ်ကိုင်ခဲ့တဲ့ မိခင်လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြပေမယ့် တပ် CDM တွေအပါအဝင် အခြားသော ဝန်ကြီးဌာနအသီးသီးက CDM ဝန်ထမ်းတွေဟာ လောက်လားတဲ့ ထောက်ပံ့ကူညီမှုမျိုး မရကြပါဘူး။

ရှေ့တန်းတနေရာရောက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပ်သားအချို့ (ဓါတ်ပုံ – Credit to original upolader)

တပ် CDM တွေအတွက် မှေးမှိန်နေတဲ့ မျှော်လင့်ချက်

စစ်ကောင်စီတပ်မှာ ဒုအရာခံဗိုလ်ဖြစ်ခဲ့ပြီး CDM လုပ်လာတဲ့ ဗိုလ်လေးစိုးစိုးဟာ နေပြည်တော် လေကြောင်းရန် ကာကွယ်ရေးတပ်မှာ တပ်ကြပ်ကြီးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူပါ။ အဲ့ဒီအချိန်က သူတို့တပ်မှာ CDM လုပ်တာ သူတစ်ယောက်တည်းဖြစ်ပါတယ်။

CDM လုပ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ” (စစ်တပ်ဟာ) မတရားသဖြင့် အာဏာသိမ်းကာ ဆန္ဒပြတဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်တယ်၊ မတရားတာကို လက်မခံနိုင်ဘူး။ မှားနေတဲ့အဖွဲ့အစည်းမှာနေရင် ကျွန်တော်လည်းမှားနေမှာ၊ အဲဒါကြောင့် အမှန်တရားဘက်မှာ ပြည်သူနဲ့ရပ်တည်ဖို့ CDM လုပ်တာပါ” လို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် မတ်လမှာ သူဟာ စစ်တပ်ကိုစွန့်ခွာပြီး ရန်ကုန်မြို့ထဲမှာပဲ လှည့်လည် ရှောင်တိမ်းနေခဲ့ရပါတယ်။ ဒါပေမယ့် တင်းကျပ်လာတဲ့ အခြေအနေအမျိုးမျိုး ကိုစိုးစိုးကြုံခဲ့ရပါတယ်။

“ကျွန်တော်အိမ်နဲ့ အဆက်အသွယ်ရ လို့မေးကြည့်တော့ အိမ်ရှေ့မှာထောက်လှမ်းရေးတွေ လွှတ်ထားတာသိရတယ် ကျွန်တော်အလုပ်တွေလျောက်ဖို့ ကြိုးစားတယ် ဘယ်အလုပ်ကမှ လက်မခံဘူး ကျွန်တော်က CDM ဆိုတာသိလို့တော့မဟုတ်ဘူး။ အလုပ်ရှင်တွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ အချက်အလက်တွေ တော်တော်များများက ရှိမနေဘူးလေ။ ရဲစခန်းထောက်ခံစာတို့ ဘာတို့လိုမျိုးပေါ့” လို့ သူက ပြောပါတယ်။

ဒီအခြေအနေကြောင့်ပဲ လွတ်မြောက်နယ်မြေကို ထွက်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကိုစိုးစိုး လွတ်မြောက်နယ်မြေ ရောက်နေချိန်မှာပဲ CDM လုပ်လာတဲ့ တပ်မတော်သားတွေကို ဩစကြေးလျာနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပေးမယ်ဆိုတဲ့သတင်း ဒီနှစ်အစောပိုင်းက ထွက်ပေါ်လာခဲ့ပြီးတဲ့အချိန် မျှော်လင့်ချက်ရောင်ခြည်သန်းသွားခဲ့ပါတယ်။

သြစတြေးလျပြည်ထဲရေးဌာနက သတ်မှတ်ချက်တွေနဲ့ ပြည့်စုံတဲ့ ဗီဇာလျှောက်လွှာ တစ်ခုချင်းစီကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဗီဇာလျှောက်တဲ့သူတိုင်းက သတ်မှတ်ချက်တွေနဲ့တော့ ပြည့်စုံဖို့ လိုတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်လေးစိုးစိုးအတွက်တော့ အလုပ်အကိုင်မရှိသလို ဘဝရှေ့ရေးလည်းပျောက်ဆုံးနေတာကြောင့် တတိယနိုင်ငံကို လျောက်ထားဖို့ ရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။ ဗီဇာလျှောက်ရာမှာ “ ကျွန်တော်မှ မဟုတ်ဘူး အများစု ဘယ်သူမှ အကူအညီ မရကြဘူး။ အချင်းချင်းပဲ ဒီဟာလေးဘယ်လိုရေးလဲ ဘယ်လိုလုပ်လည်းဆိုတာနဲ့ပဲ လုပ်ခဲ့ရတယ် အဖွဲ့တခုကတော့ တင်ပုံတင်နည်းတွေကူညီပါတယ် ထဲထဲဝင်ဝင်ချိတ်ဆက်ကူ ညီတာမျိုးတော့မရှိပါဘူး”လို့ သူက ပြောပါတယ်။

ဗိုလလေးစိုးစိုး တတိယနိုင်ငံအိမ်မက်တွက် တတ်သလောက်မှတ်သလောက် ကြိုးစားခဲ့ပြီး ၂၀၂၂ ဇူလိုင်လမှာ တတိယနိုင်ငံခိုလှုံခွင့်ဆိုင်ရာ ဗီဇာလျောက်ထားခဲ့ပါတယ် ဒါပေမယ့် ဩဂုတ်လထဲမှာတော့ သူရဲ့လျှောက်ထားလွှာ ပယ်ချခံခဲ့ရပါတယ်။

မလုံခြုံလှတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တရားမဝင် ခိုလှုံနေရသူတွေ စစ်သားတွေ၊ တတိယနိုင်ငံ မျှော်လင့်နေသူတွေရဲ့ အိပ်မက်တွေက မရေမရာ ဖြစ်နေဦးမယ်လို့ CDM ဒုအရာခံဗိုလ် စိုးစိုးကတော့ ငြီးငြူပါတယ်။

ဘက်ပြောင်းလာတဲ့ CDM စစ်သားတွေရဲ့ အနာဂတ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် ရဲ့ ပြောပြချက်အရ အာဏာသိမ်းကာလ ၂၁လ အတွင်း ပြည်သူ့ဘက်ပြောင်း ဝင်လာတဲ့ စစ်သား ၄၀၀၀ ကျော်ရှိတယ်လို့ပြောပါတယ်။

CDM စစ်သားတစ်ချို့က ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထဲဝင်ရောက်တာ၊ တိုင်းရင်းသား တော်လှန်ရေးတပ်တွေထဲ ဝင်ရောက်တာရှိပေမဲ့ အများစုကတော့ စစ်ဝင်မတိုက်ချင်ကြတော့ပါဘူး။ သူတို့အတွက် ထွက်ပေါက်တစ်ခုကတော့ တတိယနိုင်ငံတွေမှာ တရားဝင်ခိုလှုံခွင့် ရရှိဖို့သာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့က သြစတေးလျနိုင်ငံအခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ The Sydney Morning Heraldနဲ့ The age တို့မှာ မြန်မာစစ်ကောင်စီတပ်ကနေ CDM လုပ်လာတဲ့ စစ်သားတွေကို သြစတေးလျနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပေးသွားမယ်ဆိုတဲ့သတင်း ဖော်ပြခဲ့ပါတယ်။

သြစတြေးလျက မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၉၅ သန်းနဲ့ လူ ၂၀၀၀ ကို ခိုလှုံခွင့်ပေးမယ်လို့ သြစတြေးလျ အထက်လွှတ်တော် အမတ် Dean Smith ဟာ အခုနှစ်မတ်လ ၂၉ ရက်နေ့က Perth မြို့ရှိ Jim Satchell Community Center မှာမြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

သြစတေးလျအထက်လွှတ်တော်အမတ် ဒိန်စမစ်က ပတ်ထ်မြို့မှာ မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံနေသည့်ပုံ (Photo – Credit to original uploader)

၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ သြစတေးလျနိုင်ငံမှာ တရားဝင်ခိုလှုံခွင့်ရရှိထားတဲ့ CDM စစ်သား အရာရှိ သုံးဦးသာ ရှိသေးပြီး ဒါဟာ CDM စစ်သားအားလုံးရဲ့ သုည ဒသမ သုည ခုနစ် ငါး (၀.၀၇၅) ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။

CDM စစ်အရာရှိအသိုင်းအဝိုင်းရဲ့ပြောပြချက်အရ စစ်မြေပြင်ဆေးတပ်ရင်းက ပထမတန်းခွဲစိပ် ပါရဂူအဆင့်ရှိသူတစ်ဦးနဲ့ လေတပ်အရာရှိဟောင်းတစ်ယောက်တို့ သြစတေးချနိုင်ငံမှာခိုလှုံခွင့်ရရှိခဲ့ပြီး နောက်ထပ် လေတပ်အရာရှိတစ်ဦးက အမေရိကားမှာ နိုင်ငံရေးခိုလှုံခွင့်ရကြပါတယ်။

“တတိယနိုင်ငံထွက်ဖို့ တွေးတဲ့ CDM စစ်သားဆိုရင် အရာရှိပိုင်းကများတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က တပ်ရဲ့ သဘောသဘာဝကိုသိတယ်။ တခြား CDM တွေလို အလင်းပြန်ဝင်လို့မရဘူး။ သူတို့ပြန်ရင် တစ်သက်တစ်ကျွန်းဆိုတာ သူတို့အသိထဲမှာ ရှိနေပြီးသား”လို့ CDM တပ်ကြပ်ကြီး တစ်ဦးက ပြောဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ၊အရာရှိတွေ ပြည်သူ့ဘက်ကိုပူးပေါင်းဖို့ NUG အနေနဲ့ဖိတ်ခေါ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပေမယ့် သူတို့ကို တာဝန်ယူပေးဖို့လည်း လိုအပ်နေတယ်လို့ CDM စစ်သားတွေ အရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

“ NUGအနေနဲ့ကတော့ ရောက်အောင် ပို့ပေးသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်ထဲမှာကျန်နေတဲ့ တခြားအရာရှိပိုင်းတွေကို ဒါနဲ့ဆွဲဆောင်နိုင်မယ်” လို့ CDM တပ်အရာရှိ တစ်ယောက်က ပြောပါတယ်။ အနိမ့်ဆုံး ဗီဇာလျောက်ထားလိုသူတွေကို ကူညီဆောင်ရွက်ပေးဖို့ အဖွဲ့အစည်းတစ်ခုထားပြီး ဖိဖိစီးစီး လုပ်ဆောင်သင့်တယ်လို့လည်း သူကထောက်ပြကြပါတယ်။

NUG အနေနဲ့ကတော့ ကူညီနိုင်တာတွေကို ကူညီပေးနေပြီး အစိုးရတစ်ရပ်အနေနဲ့ မိတ်ဖက်နိုင်ငံတွေကို လက်ခံပေးဖို့ တိုက်တွန်းပြောဆိုနေတယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ဖြေကြားဖို့တော့ ငြင်းဆန်ပါတယ်။

ချွတ်ချုံကျလာနေတဲ့ တပ်သားတွေအတွက် စစ်ခေါင်းဆောင်ရဲ့ သဘောထား

အာဏာသိမ်းပြီးတဲ့နောက် အမျိုးမျိုးသော ဆန့်ကျင်မှုမျိုးနဲ့ကြုံလာရတဲ့စစ်တပ်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဘက်ဘက်က ချွတ်ချုံကျလာနေတာကို တွေ့မြင်နေရပါတယ်။ နိုင်ငံ့ရန်ကို ကာကွယ်ဖို့နဲ့ ပြည်သူ့အိုးအိမ်စည်းစိမ်းကို အကာအကွယ်ပေးရမယ့် စစ်တပ်ဟာ ပြည်သူကိုရန်ပြုသတ်ဖြတ်ပြီး ပြည်သူအများ အနှစ်နှစ်အလလ စုဆောင်းငွေနဲ့ တည်ဆောက်ခဲ့ကြတဲ့ အိုးအိမ်ပေါင်း ၃၈၀၀၀ ကျော်ကို ၂ နှစ်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သော တပ်က ကျေးရွာတရွာရှိ ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးပြီး ပျက်ဆီးနေပုံ

ဒီအခြေအနေမှာ စစ်တပ်ဟာ ပြည်သူကိုအကာကွယ်မပေးနိုင်တဲ့စစ်တပ်အဖြစ် ကွက်ကွက်ကွင်းကွင်း ရှုမြင်နိုင်ပြီး စစ်အာဏာရှင်ကိုသာ အကာအကွယ်ပေးတဲ့ တပ်သားများသာ ဖြစ်လာနေတာကိုလည်း တွေ့မြင်ကြရမှာပါ။ ဒီအခြေအနေမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ တပ်တွင်းတပ်ပြင် စည်းလုံးရေးအရေးကြီးကြောင်း လှည့်လှည်ဟောပြောနေရတဲ့ အခြေနေကိုတွေ့မြင်ရပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က စစ်တပ်ရဲ့ သူနာပြုနဲ့ ဆေးတက္ကသိုလ် သင်တန်းဆင်းပွဲမှာ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” လို့ ဩဝါဒပေးခဲ့ပါတယ်။ ဒီသတင်းတန်းဆင်းပွဲမှာ တပ်တွင်းတပ်ပြင် စည်းလုံးရေးအတွက် အထူးတလည် ပြောသွားခဲ့ပြီး “စည်းလုံး” ဟူသည် စကားလုံးကို ၈ ကြိမ်တိတိ ထည့်ပြောသွားပါတယ်။ ဒါ့အပြင် တပ်နဲ့ နိုင်ငံအပေါ်သစ္စာစောင့်သိရန် အရေးကြီးကြောင်းလည်း ပြောသွားပါတယ်။

ထပ်တိုးဘဏ္ဍာငွေသုံးစွဲရေး ဥပဒေမှာ တပ်သားတွေအတွက် ထောက်ပံ့ငွေနဲ့ ချေးငွေမပါဝင်ပေမယ့် စစ်ခေါင်းဆောင်ကတော့ သူ့တပ်ဟာ မြေပြင်၊ ဝေဟင်၊ ရေပြင်နဲ့ ရေအောက် စစ်ဆင်ရေးလုပ်နိုင်ပြီလို့ ကြွားလုံးထုတ်ပါတယ်။

ဒီဇင်ဘာလအတွင်း ကျင်းပခဲ့တဲ့ ရေတပ်နဲ့လေတပ် ၇၅ နှစ်မြောက် အခမ်းအနားမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လေတပ်ကကိုယ်တိုင်ထုတ် တိုက်ခိုက်ရေးနဲ့ ဘက်စုံသုံး လေယာဉ် ၁၅ စင်းကို ထုတ်ပြခဲ့ပါတယ်။ ရေတပ်ကလည်း ကင်းလှည့်အမြန်ရေယာဉ်ကို ထုတ်ပြခဲ့ပါတယ်။ ဒီပွဲတွေမှာ ပြည်သူ့ဘဏ္ဍာကို ဘုံးဘောလအောသုံးပြီး ထုတ်လုပ်ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ပျော်မွေ့နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြင်တွေ့ရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ….

လက်တွေ့မှာတော့ နိုင်ငံအနှံ့တန်ပြန်တိုက်ခိုက်မှုများနဲ့ ကြုံနေရပြီး တပ်အတွင်း ယိုယွင်းလာနေတဲ့ အခြေအနေ ကြုံနေရပြီဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ထပ်တိုးဘဏ္ဍာငွေသုံးစွဲရေး ဥပဒေပြဌာန်းရာ ကာကွယ်ရေးအသုံးစရိတ် ငွေကျပ်သန်းပေါင်း ၄၅၀,၀၀၀ နီးပါး သုံးမမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအသုံးစရိတ်မှာ တပ်သားတွေအတွက် ထောက်ပံ့ငွေနဲ့ ထုတ်ချေးငွေ တပြားတစ်ချပ်မှ မပါဝင်တာကို တွေ့ရတာကြောင့် စစ်ခေါင်းဆောင်ရဲ့ ယင်းလက်အောက်ခံ တပ်သားများအပေါ်ထားတဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရပါတယ်။

ထပ်တိုးဘဏ္ဍာငွေသုံးစွဲရေး ဥပဒေမှာ တပ်သားတွေအတွက် ထောက်ပံ့ငွေနဲ့ ချေးငွေမပါဝင်ပေမယ့် စစ်ခေါင်းဆောင်ကတော့ သူ့တပ်ဟာ မြေပြင်၊ ဝေဟင်၊ ရေပြင်နဲ့ ရေအောက် စစ်ဆင်ရေးလုပ်နိုင်ပြီလို့ ကြွားလုံးထုတ်ပါတယ်။

စစ်ခေါင်းဆောင်တွေကတော့ ယင်းတပ်သားများကို သစ္စာခံရန်သာ ဩဝါဒပေးနေချိန် တပ်က ထွက်လာတဲ့ CDM တပ်သားတွေကို CDM လှုပ်ရှားမှုမှာပါဝင်တဲ့ တပ်သားတွေ၊ အရာရှိတွေကိုလည်း အကူအညီပေးနိုင်ဖို့ အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဥပဒေ ပြဋ္ဌာန်းပြီး လမ်းဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီအခွင့်အလမ်းကို အမိအရ အသုံးချနိုင်ဖို့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပေါ်မှာ မူတည်နေပါလိမ့်မယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီရဲ့ တင့်ကားလိုမျိုး၊ လေယာဉ်လိုမျိုး လက်နက် ပစ္စည်းအကြီးစားတွေကို ဖျက်ဆီးနိုင်ရင် ဆုငွေ သိန်း သောင်းချီချီးမြှင့်မယ်လို့ ကမ်းလှမ်းပါတယ်။ ဒါ့အပြင် စစ်လက်နက် ပစ္စည်းတွေနဲ့ CDM လုပ်မယ်ဆိုရင်လည်း ထိုက်ထိုက်တန်တန် ဆုငွေချီးမြှင့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် သိသာတဲ့ ဖြစ်ပေါ်တိုးတက်မှုမျိုးတော့ မတွေ့ရပါဘူး။ ပြည်သူတွေကတော့ နောက်ထပ် ပြည်သူ့ရင်ခွင်ကို ထပ်တိုးဝင်လာမယ့် ဓမ္မဘက်တော်သား ပြည်သူ့စစ်သားတွေကို ၂၀၂၃ ခုနှစ်အတွင်းမှာ မျှော်လင့်နေကြမှာ သေချာပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.