ရန်ကုန်၊ နိုဝင်ဘာ (၁၁)
အာဏာသိမ်း စစ်ကောင်စီက စီးပွားရေးကဏ္ဍမှာ ငွေကြေးထိန်းချုပ် ကန့်သတ်ချက်တွေကို နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေတာဟာ ဗဟိုချုပ်ကိုင်မှုစနစ် ဖန်တီးဖို့ ဦးတည်ဆောင်ရွက်နေတယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ သုတေသီတွေက ဝေဖန်လိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ စီးပွားရေးကဏ္ဍတစ်ခုလုံးကို ဗဟိုချုပ်ကိုင်မှုစနစ် ဖန်တီးအတွက် နည်းမျိုးစုံသုံးပြီး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။အဲဒီထဲမှာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင်မူ သွင်းကုန်ပစ္စည်း တင်သွင်းတဲ့နေရာမှာ တဖက်နိုင်ငံကို ပို့ကုန်တင်ပို့ခြင်းကနေ ရရှိတဲ့ ဝင်ငွေ ပြသနိုင်မှသာ နောက်တစ်ကြိမ် တင်သွင်းရမယ်လို့ စစ်ကောင်စီ လက် အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ညွှန်ကြားခဲ့တာပါ။
ဒါ့အပြင် သွင်းကုန်တင်သွင်းသူတွေအနေနဲ့ ရရှိထားတဲ့ ငွေတွေကို အသုံးပြုပြီး သွင်းကုန်တင်သွင်းတဲ့ နေရာမှာ သက်ဆိုင်ရာ ဘဏ်တွေကတစ်ဆင့် ငွေပေးချေရမှာဖြစ်ပြီး ဘဏ်ငွေစာရင်း လက်ကျန် ပမာဏထက် ကျော်လွန်ရင် သွင်းကုန်လိုင်စင်ကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကန့်သတ်ထားတာပါ။
တစ်ဖက်မှာတော့ စစ်ကောင်စီဟာ ကုမ္ပဏီအီလက်ထရွန်နစ် မှတ်ပုံတင်စနစ် (MyCo) ကို စိစစ်တာတွေ တင်းကျပ်လုပ်ဆောင်လာနေပြီး ကုမ္ပဏီတွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်လုပ်ဆောင်လာနေပါတယ်။စစ်ကောင်စီ လက်အောက်ခံ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) က ကုမ္ပဏီတွေအနေနဲ့ နှစ်စဉ် အစီရင်ခံစာတင်ပြဖို့ ပျက်ကွက်တာကြောင့် အရေးယူခံရတဲ့ကုမ္ပဏီတွေ များလာတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ပိုနားလည်စေဖို့ စိစစ်တာတွေ တိုးမြှင့်ပြီး စည်းကမ်းမလိုက်နာတဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ DICA က အသိပေးထားပါတယ်။
စီးပွားရေး သုတေသီတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ အုပ်ချုပ်ရေးစနစ် ပိုအားကောင်းလာစေဖို့အတွက် စီးပွားရေးကို ဗဟိုချုပ်ကိုင်စနစ် ဖန်တီးဖို့ ဦးတည်လုပ်ဆောင်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒါက Capital Market (ဗဟိုချုပ်ကိုင်မှုဈေးကွက်)ကို သွားနေတယ်။ကျွန်တော်တို့ နိုင်ငံမှာ တစ်ခုခုဖြစ် လာရင် လုပ်ဆောင်နေကျပဲ။အစိုးရရဲ့ အာဏာစက်သက်ရောက်မှု၊ဒီလုပ်ငန်းရှင်တွေအပေါ်မှာ ပိုပြီးတော့ အစိုးရကို မှီခိုအောင် လုပ်တဲ့ စနစ်တွေ။အရင်တုန်းက လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရပေမယ့် အခုချိန်မှာ လက်ရှိအစိုးရနဲ့ လက်ရှိအာဏာပိုင်က ကုန်သွယ်ရေးနဲ့ အကောက်ခွန်ပူးပေါင်းပြီးတော့မှ လုပ်ဆောင်ရမယ့် အနေအထား။ပိုပြီးတော့ ဗျူရိုကရက်ဖြစ်သွားတာပေါ့။အုပ်ချုပ်ရေးစနစ် ပိုအားကောင်းအောင် လုပ်တာပေါ့”လို့ သူက ဆိုပါတယ်။
နိုင်ငံခြားငွေကြေးကဏ္ဍမှာတော့ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရယူထားတာမရှိတဲ့ ဟွန်ဒီငွေလွှဲလုပ်ငန်း ဆောင်ရွက်သူတွေကို တရားဝင်လိုင်စင်ရယူပြီး လုပ်ငန်းဆောင်ရွက်ဖို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ် ဥက္ကဋ္ဌက ဖိအားပေးနေပါတယ်။
တစ်ဖက်မှာလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ပြည်ပကနေ ပြည်တွင်းကို လွှဲပို့လာတဲ့ လစာဝင်ငွေတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရဘဏ်တွေကနေ လွှဲပို့ပေးဖို့ကိုလည်း ထုတ်ပြန်ခဲ့တာပါ။
စီးပွားရေးပညာရှင်တစ်ဦးကလည်း အခုလို ဆောင်ရွက်မှုတွေဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အမည်ပျက်စာရင်းတင်သွင်းခံရတဲ့အတွက် ပြန်လည်ချေဖျက်ဖို့နဲ့ တရားဝင်လမ်းကြောင်းကနေ နိုင်ငံခြားငွေ ဝင်ရောက်ဖို့ ကြိုးပမ်းမှု ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“အများဆုက ဟွန်ဒီနဲ့ပဲ သွားနေကြတယ်။ အဲဒီလိုမျိုး တရားမဝင်စီးဆင်းမှုတွေကို FATF က လက်မခံဘူး။အဲဒီဟာကို တိုက်ဖျက်ချင်တာလည်း ပါတယ်။အဲဒီဟာကို Performance ပြချင်တာလည်း ပါတယ်။နောက်ပြီး ဒေါ်လာ တရားဝင်လမ်းကြောင်းကနေပြီးတော့ စီးဝင်အောင် ဒါမှသူတို့ အစိုးရအနေနဲ့ ထိန်းချုပ်လို့ ရတာပေါ့။အဲဒီ ရည်ရွယ်ချက်နှစ်ချက်နဲ့ လုပ်တယ်လို့ ယူဆရပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ဆောင်စဉ်တွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အမည်ပျက်စာရင်း (Blacklist) ထဲ ထည့်သွင်းလိုက်ကြောင်း ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။
စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၂၁ လကျော်အတွင်း နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှာ မူဝါဒပြောင်းလဲကျင့်သုံးမှုတွေ သိသိသာသာလုပ်ဆောင်နေတဲ့အပြင် နိုင်ငံခြားငွေကြေးစီးဆင်းမှုမှာလည်း ကန့်သတ်ချက်အမျိုးမျိုးကို ထုတ်ပြန်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

