ကျိုက်ထို၊ နိုဝင်ဘာ (၁၁)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး တပ်အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်ဝင်ရောက်လာခဲ့တာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ အသက် ၃၃ နှစ်အရွယ် အထက်အင်္ဂဘိုရွာသား ကိုအောင်မြင့်စိန်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၉ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာလည်း အသက် ၃၀ နှစ်အရွယ် အထက်အင်္ဂဘိုရွာသား ကိုဇော်ထက်နဲ့ အသက် ၆၆ နှစ်အရွယ် ရွှေခဲရိုးရွာသား ဦးမှုံကြီးတို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာအပြင် လူနေအိမ်တွေကိုလည် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်စီးခဲ့သလို ဒေသခံနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး၊ အဲဒီတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

