ကာဘူးလ်၊ စက်တင်ဘာ (၂၀) 

အာဖကန်နစ္စတန်မှာ ဖမ်းဆီးခံထားရတဲ့  အမေရိကန်အင်ဂျင်နီယာချုပ် မက်ဖဲရစ် ကို တာလီဘန် ဘက်က ပြန်လွှတ်ပေးခဲ့ပြီး  အမေရိကန်မှာမူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ခံထားရတဲ့ တာလီ ဘန်နဲ့ ဆက်နွယ်နေသူ အာဖဂန် လူမျိုးခေါင်းဆောင်တစ်ဦးနဲ့ အလဲအလှယ် ပြုလုပ်ခဲ့တယ်လို့ တာလီဘန် ယာယီနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အင်ဂျင်နီယာချုပ်ဖဲရစ်နဲ့အာဖဂန်ခေါင်းဆောင် ဘစ်ရှဲနော်ဇိုင်းကို ကာဘူးလ်မြို့လေဆိပ်မှာ  အလဲအလှယ်ပြုလုပ်ခဲ့ကြတယ်လို့ ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ 

နော်ဇိုင်းဟာ အမေရိကန်နဲ့ ဥရောပကို ဒေါ်လာ သန်း ၅၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ မှောင်ခို တင်သွင်းတယ်ဆိုတဲ့ သံသယရှိ မှုနဲ့ အမေရိကန်ဘက်က  ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

“အာဖဂန်နစ္စတန်ရဲ့ အစ္စလာမ်စော်ဘွားကြီးကတော့ အမေရိကန်အပါအဝင် အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပြဿနာတွေကို အဖြေရှာဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ တာလီဘန် နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့ပါတယ်။ 

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှာ  ဖမ်းဆီးခံခဲ့ရတဲ့ ဖဲရစ်ကတော့  အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်တွေ အတွက် အာဖဂန်နစ္စတန်မှာ ဆယ်စုနှစ်တစ်ခုကြာ လုပ်ကိုင်ခဲ့ကာ လွန်းဘတ်၊ အလိုင်နွိုင်း Lombard, Illinois မှ အမေရိကန်ရေ တပ်စစ်ပြန်တစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့  နိုင်ငံခြားတပ်ဖွဲ့တွေ ဆုတ်ခွာနေချိန်မှာ တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ် သြဂုတ်လမှာ သိမ်းယူပြီးချိန်ကတည်းက အမေရိကန်အစိုးရဘက်မှ အာဖဂန်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ဖဲရစ်ကို လွှတ်ပေးဖို့ တွန်းအားပေးခဲ့တာပါ။

အမေရိကန်အစိုးရရဲ့ ပြောကြားချက်အရ ဖဲရစ်အမှုဟာ တာလီဘန်ဦးဆောင်တဲ့  အစိုးရရဲ့ ဥပဒေကြောင်းအရ အကျုံး ဝင်မှု အပေါ် အမြင်သဘောထားတစ်ရပ် ရှိသွားနိုင်ကြောင်း သက်ဆိုင်ရာ တာလီဘန်ပုဂ္ဂိုလ်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့ပေမယ့်လည်း နိုင်ငံခြားအစိုးရတွေကတော့  တာလီဘန်တွေကို တရားဝင် အသိအမှတ်ပြုခြင်းမရှိသေးပါဘူး။

အမေရိကန်ဘက်က လွှတ်ပေးလိုက်ရတဲ့ နော်ဇိုင်းဟာ တာလီဘန်တို့နဲ့ ကာလရှည်ကြာစွာ အဆက်အသွယ်ရှိခဲ့သူဖြစ်ပြီး မူးယစ် ဆေးဝါးရောင်းဝယ်သူမဟုတ်ကြောင်းလည်း သူ့ရဲ့ ရှေ့နေကငြင်းဆိုထားခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.