လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ရေးခရိုင်တရားရုံး ဗုံးခွဲခံရ

ရေး၊ စက်တင်ဘာ ၉

မွန်ပြည်နယ်၊ ရေးမြို့မှာ စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ရေးခရိုင်တရားရုံးဟာ စက်တင်ဘာ ၈ ရက်နေ့ ည ၇ နာရီလောက်မှာ ဗုံးခွဲခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးခရိုင်တရားရုံးကို အမည်မသိ လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး တရားရုံးထဲကို ဗုံးပစ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် တရားရုံးမှန်တံခါးတွေ ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

“တရားရုံးဘက်က ပေါက်ကွဲသံတော့ ကြားလိုက်တယ်၊ ရုံးအပြင်ကနေ လာပစ်သွားတော့ ရုံးဝင်းထဲကျပြီး အဆောက်အဦးပဲ ထိခိုက်ပျက်စီးတာရှိတယ်၊ ဒီခရိုင်တရားရုံးကလည်း ဖွင့်ထားတာမှ မကြာသေးဘူး”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေ လုပ်‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီရေးခရိုင်တရားရုံးဟာ စစ်ကောင်စီက ရေးမြို့နယ်ကို ခရိုင်အဖြစ် ပြောင်းလဲပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့မှာ အလုပ်သမားရုံးကို ခရိုင်တရားရုံးအဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ရေးမြိုနယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က လဝကရုံးကို ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအထူးတင်းကြပ်ထားသလို ဌာနဆိုင်ရာရုံးတွေကိုလည်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.