စစ်ကောင်စီက ဒေါ်လာသန်း ၂၀၀ အမှန်တကယ် မထောက်ပံ့လို့ စက်သုံးဆီဈေးနှုန်း မကျတာလို့ သုံးသပ်တာတွေ ရှိနေ

မော်လမြိုင်၊ စက်တင်ဘာ (၉)

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ဆက်တိုက် ကျဆင်းနေပေမယ့် အာဏာသိမ်း စစ်ကောင်စီက ဒေါ်လာသန်း ၂၀၀ အမှန်တကယ် ထောက်ပံ့တာ မရှိတဲ့အတွက်ကြောင့် စက်သုံးဆီဈေးနှုန်း မကျတာလို့ စက်သုံးဆီတင်သွင်းရောင်းချသူတွေနဲ့ လုပ်ငန်းရှင်တွေက သုံးသပ်တာပါ။

စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှ တဆင့် အမေရိကန် ဒေါ်လာသန်း(၂၀၀)ကျော် ထောက်ပံ့ ပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ (၃၁)ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အဲဒီဒေါ်လာသန်း ၂၀၀ ကို ဘယ်ပုံစံတွေနဲ့ ထောက်ပံ့ပေးခဲ့လဲဆိုတာ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးသလို စက်သုံးဆီဈေးနှုန်းကလည်း ထင်သလောက် ကျဆင်းလာတာ မရှိသေးတဲ့အပြင် အမြင့်ဈေးမှာပဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်းရောင်းချသူ တစ်ဦးကတော့ စက်သုံးဆီဈေးနှုန်းဟာ စစ်ကောင်စီဘက်က ဒေါ်လာ ၂၀၀ သန်း မထောက်ပံ့တာအပြင် တင်သွင်းသူတွေအနေနဲ့ ဒေါ်လာငွေတွေကို ကိုယ်နည်းကိုယ်ဟန်နဲ့ ဝယ်ယူနေရတာကြောင့် ဈေးနှုန်း မကျတာ ဖြစ်တယ်လို့ သုံးသပ်တာပါ။

“အဲ့တာကတော့ သူတို့ အတွင်းပိုင်းတွေပဲ ကြိတ်လုပ်ကျတဲ့ အနေအထားပေါ့လေ၊ အခုထက်ထိကတော့ သန်း(၂၀၀)ကို ဘယ်လို ခွဲတမ်း ဘယ်သူတွေ ဘယ်ကုမ္ပဏီတွေက ဘယ်ပုဂ္ဂလိက ကုမ္ပဏီတွေက ဘယ်လောက် ခွဲတမ်းရပြီးတော့ ဘယ်လို ဝယ်သွားကြလည်း ဆိုတာက သူတို့ ကြေညာတာလည်း မရှိဘူးပေါ့၊ ချပြတာလည်း မရှိတဲ့ အခါကျတော့ ဒါကိုတော့ ဘယ်သူမှ မသိနိုင်ဘူးပေါ့လေ၊ သူတို့ ဘယ်လို ချသွားလည်း တချို့ ပြောတာကတော့လည်း ဒါကတော့ သူတို့ အချင်းချင်း ပေးလိုက်ပြီး လို့လည်း ပြောကြတာပေါ့၊ ဒါပေမယ့် ပေးလိုက်ပြီး တာတောင်မှ ငွေဖောင်းပွမှုနှုန်းက ကောင်းမှ မကောင်း လာတာကိုနော်၊ တက်မှ မတက် လာတာကို ငွေကြေးတန်ဖိုးက တက်လာတာလည်း မရှိတဲ့ အခါကျတော့ ဒါလည်း သိပ်မထူး လာသလို ဖြစ်နေတာပေါ့လေ၊ ကျွန်တော်တို့ စက်သုံးဆီ လုပ်ငန်းရှင်တွေ အတွက်ရော ဒီစက်သုံးဆီ ဈေးနှုန်း ကျဆင်းဖို့ အထောက်အကူ ဖြစ်တာရောကတော့ မရှိလာတော့ဘူးပေါ့လေ အခုထက်ထိတော့ မရှိလာ သေးဘူးပေါ့” လို့ ဆိုပါတယ်။

စက်သုံးဆီ ဈေးနှုန်းဟာ လက်ရှိမှာတော့ ဒီဇယ်ဆီ တစ်လီတာကို ကျပ် ၃၁၀၀ ကျော် ပေါက်ဈေးဆက်ရှိနေပြီး ဓာတ်ဆီ ၉၅ တစ်လီတာကလည်း ကျပ် ၂၅၀၀ ဝန်ကျင်းမှာ ဆက်ရှိနေတာပါ။

ဒါပေမယ့် ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာတော့ ရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၁၂၀ ကနေ ၈၀ လောက်ထိ ဈေးနှုန်း ဆက်တိုက် ကျဆင်းနေတာ ဖြစ်ပါတယ်။

စက်သုံးဆီလုပ်ငန်းရှင် တစ်ဦးကလည်း စစ်ကောင်စီက ဒေါ်လာ သန်း(၂၀၀)ကျော် ထောက်ပံ့ပေးမယ်လို့ ထုတ်ပြန်ထားပေမယ့် ဘယ်လိုပုံစံနဲ့ ထောက်ပံ့ခဲ့လဲဆိုတာ ချပြထားတာ မရှိဘဲ သူတို့ နီးစပ်သူတွေကိုသာ ထောက်ပံ့ခဲ့မယ်ဆိုရင် စက်သုံးဆီ ဈေးနှုန်းကျဆင်းဖို့အတွက် အထောက်အပံ့ မဖြစ်ဘူးလို့ ပြောပါတယ်။

“တကယ် ဈေးကွက်မှာ တင်သွင်းတဲ့သူကို ထိထိရောက်ရောက် ထောက်ပံ့ ဖြစ်တယ် ဆိုရင်တော့ ဈေးကတော့ ဆင်းသွား ရမှာပေါ့၊ လက်ရှိ ရေနံဈေး ဒီလောက်ကျတာ၊ သီလဝါမှာက လက်ရှိ အနေအထားက အစိုးရက ထိန်းချုပ်ထားတဲ့ စနစ်နဲ့ပဲ သွားရတာ၊ ကျွန်တော်တို့က ရှင်းရှင်း ပြောရင် ခွဲတမ်းတွေ တင်ရတာပေါ့နော်၊ တစ်ပတ်မှာ (၂)ကြိမ်လောက် တင်ရတယ်၊ ကျွန်တော်တို့ တင်တဲ့ လီတာ အမောက်ထက်ကို သူက ရှင်းရှင်းပြောရင် ကျွန်တော်တို့ လီတာ ဆိုင်အတွက် လိုအပ်တာပေါ့နော် ပရီမီယံ (၄၀၀၀၀)၊ (၉၂) (၄၀၀၀၀)၊ (၉၅) (၄၀၀၀၀) အဲ့လိုမျိုး တင်တာပေါ့နော်၊ တကယ် သူပြန်ချပေးတဲ့ အခါကျရင် ခွဲတမ်းတွေက (၉၂)ဆို (၁၁၀၀၀)လောက်ပဲ ချပေးတယ်၊ (၉၅)ဆိုရင် လီတာ (၄၀၀၀)ကျော် လောက်ပဲ ချပေးတယ် တစ်ဆိုင်ကို၊ လက်ရှိ အနေအထားက အပြင်ရဲ့ ဒေါ်ပေါက်ဈေးကိုပဲ နှိုင်းယှဉ် ကြည့်ပေါ့နော်၊ ကျွန်တော်တို့ ဒီမှာ (၂၁၀၀)နဲ့ အပြင်ဈေးကွက်မှာ (၃၄၉၀)၊ (၁၃၉၀)လောက် ကွာတယ်ဆိုတော့လေ၊ အပြင်ပေါက်ဈေးနဲ့လည်း ဝယ်ပြီး သွင်းရတာကို ဆီကို၊ ထင်သလို မဆင်းဘူး၊ ငွေနည်းနည်း မာနေလို့”လို့ ဆိုပါတယ်။

ဒါကြောင့် စက်သုံးဆီဈေးနှုန်း ကျဆင်းဖို့ဆိုရင် စစ်ကောင်စီအနေနဲ့ ထောက်ပံ့ပေးမယ့် ဒေါ်လာ သန်း(၂၀၀)ကျော်ကို ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုအပ်သလို ဒေါ်လာတွေကိုလည်း သတ်မှတ်ထားတဲ့ နှုန်းအတိုင်း ရောင်းချ ပေးဖို့ လိုအပ်တယ်လို့ စက်သုံးဆီ တင်သွင်း ရောင်းချသူတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီ လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီဘက်က စက်သုံးဆီဈေးကွက်ကို ထိန်းချုပ်ပြီး လိုသလောက် မရောင်းချပေးသလို ခွဲတမ်းစနစ်နဲ့ ဝယ်ယူနေတာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က တစ်လီတာ ကျပ် ၆၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် ဈေးနှုန်း ၄ ဆ ကျော် မြင့်တက်လာပြီး မကြာခဏဆိုသလို စက်သုံးဆီ ပြတ်လပ်မှုတွေနဲ့ ကြုံနေရတာပါ။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.