ရန်ကုန်
မိသားစုဝင် ငါးယောက်မှာ ဝင်ငွေရ အလုပ်လုပ်နေသူ နှစ်ဦးသာ ဒေါ်ယမင်းတို့အိမ်တွင်ရှိသည်။ အသက် ၅၀ အရွယ် ဒေါ်ယမင်းက ဈေးဝယ်၊ ချက်ပြုတ် အိမ်အလုပ်ကို လုပ်ရသည့် အိမ်ရှင်မ။ ဒီနေ့လည်း ခါတိုင်းလိုပင် မနက်စောစောစီးစီး နိုးလာခဲ့သည်။ မိမိအလုပ်က မနက်စောစောဈေးသွား အလုပ်သွားမယ့် သားနဲ့သမီးအတွက် ထမင်းချိုင့်အမီ ချက်ပြုတ်ပေးလိုက်ရမည်။ ဈေးနဲ့အိမ်က အတန်ငယ်လှမ်းတာကြောင့် စောစောထ၊ မြန်မြန်သွား မြန်မြန်ပြန်ဖို့လိုသည် ဒါမှ သားနဲ့သမီးအတွက် ထမင်းချိုင့်မီမည်မဟုတ်လား။ မနက်ပိုင်း မီးလာနေချိန်မို့ ဒေါ်ယမင်း ထမင်းအိုးတည်ခဲ့ပြီး ရပ်ကွက်ဈေးဘက်ကို ဦးတည်လာခဲ့သည်။
မိသားစုဝင် ငါးယောက်ရှိပြီး တိုင်းပြည်၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့မှာနေထိုင်သူများပင် ဖြစ်လင့်ကစား ဒေါ်ယမင်း၏ မိသားစုဝင် နှစ်ယောက်သာ အလုပ်ရှိသည်။ တရိပ်ရိပ်တက်လာနေသော ကုန်ဈေးနှုန်းနှင့် မိသားစုဝင်များ အလုပ်လက်မဲ့ဖြစ်နေသည့် အခြေအနေကိုတွေးမိတော့ သွက်နေသည့် ခြေလှမ်းများပင် လေးလံသွားရသည်။
ထို့ထက် ဆိုးသည်က နေ့စဉ် စားသုံးနေရသည့် မီးဖိုချောင်ထဲမှ ရှားပါးလာနေသော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ကို မြင်ယောင်လာမိတော့ လက်ထဲမှာကိုင်လာသည့် မြန်မာငွေစက္ကူကို ကယောင်ကတမ်း ကြည့်လိုက်မိတော့ အသက်ရှုမဝ သက်ပြင်းသာ ချလိုက်မိသည်။ ဒီငွေနဲ့ဆို မီးဖိုချောင်ထဲက လိုအပ်နေတဲ့ ကွက်လပ်တွေကို ဘယ်နည်းနဲ့မှ ဖြည့်နိုင်မယ်မထင်။ အတွေးကြောင့် လေးလံနေသည့် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းဖို့ ပြင်လိုက်မိသည်။
“ကလင်၊ ကလင်၊ ကလင်” ဆူဆူညံညံအသံကြောင့် အတွေးစပြတ်သွားပြီး ကြည့်လိုက်မိတော့ စီးနေကျ လက်စွဲတော် ဆိုက်ကားဆရာက မထေ့ပြုံး၊ ပြုံးပြီး စနောက်သွားခြင်းပေပဲ။ ခါတိုင်းဆို သူ့ဆိုက်ကားစီး ဈေးသွားနေကျပေကိုး။ ခုတော့ ဆိုက်ကား ဒေါ်ယမင်း မစီးနိုင်တော့ ဆိုက်ကားခက မီးဖိုချောင်စရိတ်ထဲ ဝင်သွားခဲ့ပြီ။ အရင်က ဈေးဖိုး ၅,၀၀၀ ကျပ်နဲ့ တနေ့စာ မီးဖိုချောင်စရိတ်ကို ဒေါ်ယမင်း ဖြေရှင်းနိုင်ခဲ့သည်။ အခုတော့ ဆိုက်ကားပင် မစီးဘဲ မီးဖိုချောင်စရိတ်အဖြစ် ထည့်သွင်းဖြေရှင်းပေမယ့် ပြေလည်မသွား။
“လက်ထဲပိုက်ဆံ ငါးထောင်ရှိတယ်ဆိုရင် အရင်က မိသားစုငါးဦးအတွက် တစ်နေ့စာ လုံလောက်သေးတယ်။ အခုက မျှမျှတတဝယ်ဖို့တောင် မဖြစ်နိုင်တော့ဘူး၊ အရာရာ ဈေးကြီးကုန်ပြီ။ အခြေခံလူတန်းစားတွေဖြစ်လို့ ကျွန်မတို့မှာ ဆန်၊ဆီ အခံမရှိဘူး” လို့ ဒေါ်ယမင်းက ဆိုသည်။

စစ်အာဏာသိမ်း တစ်နှစ်နှင့် ခုနှစ်လအတွင်း မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းလာမှုနှင့်အတူ အခြေခံ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကြောင့် ဒေါ်ယမင်းတို့လို အခြေခံလူတန်းစားများအပေါ် အလဲလဲ အပြိုပြို မလူးသာ မလွန့်သာ ရိုက်ခတ်နေသည်။ သာမာန် လက်လုပ်လက်စား ပြည်သူများအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှု တစ်ခုတည်းမဟုတ်ဘဲ အလုပ်အကိုင်များပါ ရှားပါးလာသောကြောင့် သူတစ်ပါးထံ ချေးငှား၍ စားသောက်နေရသူများ ပိုများလာတာကိုလည်း ဒေါ်ယမင်း သတိထားမိသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိနေသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်က ဆင်းရဲနွမ်းပါးမှုအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ် ဇူလိုင်ထုတ် အစီရင်ခံစာက ဖော်ပြသည်။
၂၀၂၀ ခုနှစ် မတ်လတွင် ရှိခဲ့သည့် ဆင်းရဲမွဲတေမှုနှုန်းထက် နှစ်ဆ မြင့်တက်လာခြင်းဖြစ်ပြီး ယခင် ဆင်းရဲနွမ်းပါးသူများသည် ယခုအခါ ပိုမိုဆိုးရွားသည့် အခြေအနေသို့ ကျရောက်ကာ မညီမျှမှုများ ပိုမိုဆိုးရွားလာမည်ဟု ကမ္ဘာ့ဘဏ်က ခန်းမှန်းထားသည်။
COVID-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအကျိုးဆက်များသည် ဆယ်စုနှစ်တစ်ခု နီးပါး ကြိုးပမ်းခဲ့သည့် ဆင်းရဲမှုလျော့ချရေး အားထုတ်မှုများကို ဖျက်ဆီးလိုက်သည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ထောက်ပြသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ဩဂုတ် ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီး ၁၈ လအကြာတွင် အလုပ်သမား တစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း ဖော်ပြသည်။ အလုပ်အကိုင် ဆုံးရှုံးခဲ့ရသော အလုပ်သမားများသည် စားဝတ်နေရေး အလွန်အကျွံ ကျပ်တည်းလာသည့် အခြေအနေတွင် အမျိုးသမီးများက အမျိုးသားများထက် အဖက်ဖက်မှ ပိုမိုထိခိုက် ခံစားနေရကြောင်း ILO ၏ အစီရင်ခံစာက ဖော်ပြသည်။
“အလုပ်အကိုင် မကောင်းရတဲ့ကြားထဲ ဈေးနှုန်းတွေက အဆမတန်တက်၊ စီးပွားရေးမကောင်းလို့ အလုပ်ပိတ်လိုက်ရင် ဘာမှ လုပ်မရတော့ဘူး။ တကယ်ပဲ ငတ်သေတဲ့ မသာဆိုတာ ရှိလာတော့မှာပါ” ဟု ဒေါ်ယမင်း ညည်းတွားလိုက်မိသည်။
အတက်ကြမ်းတဲ့ ကုန်ဈေးနှုန်း
အာဏာမသိမ်းမီ အဓိက စားသောက်ကုန်ဖြစ်သည့် ရွှေဘိုပေါ်ဆန်း ဆန်မွှေးတစ်အိတ် ၃၀,၀၀၀ ကျော်သာရှိခဲ့ရာမှ အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း တစ်အိတ်ကို ၁၀၀,၀၀၀ ဝန်းကျင်အထိ ဒုန်းစိုင်းထိုး တက်လာသည်။ ထို့နည်းတူ မီးဖိုချောင်အတွက် မရှိမဖြစ် လိုအပ်သော အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီတစ်ပိဿာ ၅,၀၀၀ ကျပ်မှ ၁၂,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၇၀၀ ကျပ်မှ ၃,၅၀၀ ကျပ်၊ ငရုတ်သီး တစ်ပိဿာ ၈,၀၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်အထိ အဆမတန် ဈေးတက်လာနေသည်။
တက်လာတဲ့ ကုန်ဈေးနှုးန်ကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဖြေရှင်းရန် ကြိုးစားသည်။ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တစ်ချို့ရှိ ဆင်ခြေဖုံးရပ်ကွက်များကို တစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ၅,၀၀၀ ကျပ်နှုန်းနှင့် လိုက်လံရောင်းချပေးနေခြင်း ဖြစ်သည်။
သို့သော် ပြင်ပဈေးကွက်တွင် ၁၂,၀၀၀ ကျပ်အထိ ဈေးပေါက်နေသော စားအုန်းဆီကို အခြေခံလူတန်းစား ပြည်သူများ လူတန်းရှည်ကြီးနှင့် စီတန်းစောင့်ဆိုင်းမှု များနေခြင်းကြောင့် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှု ဖြစ်ပေါ်နေသည်။

အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ပေါ်ပေါက်လာတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု လှိုင်းဂယက်များကို ဒေါ်ယမင်းတို့လို အခြေခံလူတန်းစား တစ်ခုတည်းကို လာရောက် ရိုက်ခတ်နေခြင်းတော့ မဟုတ်ပေ။ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း လခစားများလည်း ကုန်ဈေးနှုန်းကြီးမြင့် ဒဏ်ကို အလူးအလဲ ခံစားကြရသည်။ ထိုထဲတွင် အသက် ၄၆ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဖြစ်လည်း အိမ်ရှင်မတစ်ဦး ဖြစ်သည့် ဒေါ်မိုင်မိုင်လည်း ပါဝင်သည်။
မိသားစုဝင် ခြောက်ဦးရှိသော ရန်ကုန်မြို့နေ ဒေါ်မိုင်မိုင်သည် ဝင်ငွေရ အလုပ်လုပ်နေသူ ကုမ္ပဏီဝန်ထမ်း သုံးဦး ရှိပြီး ကျောင်းနေရွယ် ကလေး သုံးဦးရှိသော လူလတ်တန်းစား မိသားစုဖြစ်၏။ ယခင်က ဈေးဖိုး ကျပ်ငွေ ၅,၀၀၀ ပတ်ချာလည် ဝယ်ယူသုံးစွဲ၍ ရခဲ့သော်ငြားလည်း ယခုခါမှာမူ မိသားစု ၆ ယောက်စာအတွက် ကျပ် ၁၀,၀၀၀ ပင် မလောက်ငှတော့။ ကုန်ဈေးနှုန်းတက်လာပြီး အိမ်အသုံးစရိတ်က ၂ ဆနီးပါး တက်လာသော်လည်း ကုမ္ပဏီဝန်ထမ်း ဒေါ်မိုင်မိုင်တို့၏ ဝင်ငွေကတော့ တိုးမလာ။
“တစ်လတစ်လ ဈေးဖိုး၊ ကျောင်းလခ၊ အိမ်ဌားခ၊ မီတာခ၊ ရေဖိုး၊ စည်ပင်အမှိုက်ဖိုးနဲ့တင် လခက မလောက်ငှတာ ဆေးဖိုးနဲ့ အထွေထွေ အသုံးစရိတ်အတွက်တောင် မလုံလောက်ဘူး။ အခုကုန်ဈေးနှုန်းတွေနဲ့ မရူးသွားရင် ကံကောင်းပေါ့လို့ မှတ်ထားတယ်။ မိသားစုလိုက် သတ်မသေသေးသမျှ ခံနိုင်ရည်ရှိ သေးတာပဲ၊ တော်သေးတယ်လို့ မှတ်ပါတယ်။ကျွန်မက ကုမ္ပဏီဝန်ထမ်းတစ်ဦးမို့လို့ အလုပ်မကောင်းတော့ရင် အလုပ်ပြုတ်မယ့်အရေးလည်း ရှိသေးတယ်”ဟု ဒေါ်မိုင်မိုင်က သူ့သောကကို ဖွင့်ဟသည်။

သကြားမင်း ကျောက်ဖျာအထိ တက်သွားတဲ့ ကုန်ဈေးနှုန်း
စစ်တပ်အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် အစောပိုင်းကာလများတွင် အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၁,၃၀၀ ကျော်သာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီး တစ်နှစ်နှင့် ခုနှစ်လအတွင်းမှာ တစ်ဒေါ်လာ ၄,၀၀၀ ကျပ်ကျော်အထိ ဒုန်းစိုင်း ထိုးတက်လာသည်။ ထို့နည်းတူ နိုင်ငံခြားမှ တင်သွင်းရသော စက်သုံးဆီဈေးနှုန်းသည်လည်း တစ်လီတာ ၇၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ၂,၅၀၀ ကျပ်နှင့် အခေါက်ရွှေ တစ်ကျပ်သား သိန်း ၃၀ သိန်းကျော်အထိ စံချိန်တင် မြင့်တက်လျက်ရှိသည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာ့ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် မတ်လမှာပင် ၁၇ ဒသမ ၃ ရာခိုင်နှုန်း ကျော်ရှိနေခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း ထိုးတက်သွားခြင်းသည် စီးပွားရေးလုပ်ငန်း အားလုံးကို ထိခိုက်စေသည်ဟု ထောက်ပြသည်။ လက်နက်အားကိုးနှင့် နိုင်ငံ့အာဏာကို သိမ်းယူခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ လာမယ့် ခြောက်လအတွင်း တိုင်းပြည်စီးပွားရေး တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ဩဂုတ် ဒုတိယပတ်တွင် လေလုံးကြွား ကြုံးဝါးခဲ့၏။
“သာသနာပြုမင်းကြီးအုပ်ချုပ်မှတော့ သိကြားမင်းတောင် မနေနိုင်ဘူး၊ မြကျောက်ဖြာတင်းတယ် ထင်ပါရဲ့၊ ထပြေးရရှာလေပြီ။ တင်းဆို ကြာရင် ကုန်ဈေးနှုန်းဆိုတာကြီးက သူ့ကို ဝင်ဆောင့်တော့မှာလေ ထပြေးမှ ရတော့မှာ ဘယ်သူမှ မကယ်နိုင်ဘူး” ဟု ဒေါ်မိုင်မိုင်က စိတ်ပျက်လက်ပျက်နှင့် ပြောသည်။
ငွေကြေးဖောင်းပွမှု တရားခံ
စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်သည် ပြီးခဲ့သည့် ဧပြီလဆန်းမှစ၍ ပြည်ပမှဝင်လာသည့် ကန်ဒေါ်လာများကို ငွေလဲနှုန်း ၁၈၅၀ ကျပ်နှင့် ၂၄ နာရီအတွင်း မဖြစ်မနေ လဲလှယ်ရမည်ဟု နိုင်ငံခြားငွေများကို ကန့်သတ် ထိန်းချုပ်လာခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင်လည်း ပြည်တွင်းက နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းပါဝင်သော ကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေစာရင်းမှ နိုင်ငံခြားငွေများကို မြန်မာ့ကျပ်ငွေနှင့် လဲလှယ်ရန် စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်မှ အမိန့်ကြေညာခဲ့သည်။ ငွေလဲလှယ်နှုန်း ရည်ညွန်းဈေးကိုလည်း အမေရိကန်တစ်ဒေါ်လာ ၁၈၅၀ ကျပ်မှ ၂၁၀၀ ကျပ်အထိ ဩဂုတ် ၈ ရက်နေ့တွင် ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် မြန်မာ့ငွေကြေးတန်ဖိုး တလဟော ကျဆင်းလာနေသည်။
ထိုအတွက်ကြောင့် ပြင်ပဒေါ်လာဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၀၀၀ မှ ၄၀၀၀ ကျော်အထိ ကမူးရှူးထိုး ပြေးတက်လာနေပြီး ကျပ်ငွေဖောင်းပွမှု ပိုမိုဆိုးရွားစေသည်။ နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ) က “သူတို့က (ဗဟိုဘဏ်) ကိုယ့်နိုင်ငံမှာ မူလကတည်းက ချို့ယွင်းချက်တွေ အားနည်းချက်တွေ ရှိနေတဲ့ ကြားက Policy (မူဝါဒ) အမှားတွေ ကျင့်သုံးလိုက်တဲ့အတွက် အခြေအနေတွေက ပိုဆိုးကုန်တာပေါ့” ဟု ထောက်ပြသည်။

ယခုလို ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်လိုက်ခြင်းကြောင့် တိုးတက်မှု နှောင့်နှေးစေပြီး မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ဆိုးရွားစေသည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဖော်ပြသည်။
လွတ်လပ်သော သုတေသီများအဖွဲ့များ၏ အစီရင်ခံစာများတွင် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုများ၏ နောက်ဆက်တွဲဆိုးကျိုးသည် အခြေခံကုန်ပစ္စည်းများနှင့် လောင်စာဆီ စျေးနှုန်း တိုးမြင့်လာခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ စီးပွားရေးလုပ်ငန်း ရပ်နားထားရခြင်း၊ ပြည်တွင်းဘဏ်စနစ်နှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ် မတည်ငြိမ်မှုကြောင့်ဟု ဖော်ပြသည်။
ငွေကြေးဖောင်းပွမှုသည် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု ဈေးနှုန်းများ မြင့်တက်လာပြီး ငွေကြေး၏ ဝယ်ယူနိုင်မှုစွမ်းအား ကျဆင်းလာခြင်း၊ မြန်မာ့ကျပ်ငွေ တန်းဖိုး ကျဆင်းလာခြင်းဟု ငွေကြေးနှင့် စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။ “စီးပွားရေးအခြေအနေက မျက်ခုံးခပ်လှုပ်လှုပ်ပါပဲ။ ဆန်ဖိုး၊ ဆီဖိုး၊ ဆေးဖိုး၊ ငရုတ်၊ ကြက်သွန် ဈေးတွေသာ အကုန်တက်တာလေ။ မတက်တာက လစာ ဆိုတော့ ကြာရင် လူတွေ ဘာဖြစ်လာကြမလဲ မသိနိုင်တဲ့ ဆိုးကျိုးတွေ ရှိလာမှာပဲ” ဟု ဒေါ်မိုင်မိုင်က ရှေ့ရေးအတွက် ရင်လေးနေမိသည်။
လေလုံးထွားတဲ့ စစ်ခေါင်းဆောင်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းနှင့်ပြည်နယ်များတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြောင်း ပြောဆိုသည်။ ထိုသို့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်ဘီလီယံ ၄၀၀ ကို သီးသန့် ရန်ပုံငွေ ထူထောင်၍ ပထမ ဦးစားပေးအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြု သွားမည်ဟု ပြီးခဲ့သော သြဂုတ် ၉ ရက်တွင် ပြောဆိုခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တောင်သူများ လိုအပ်နေသည့် ဓာတ်မြေဩဇာ၊ မျိုးစေ့ အပါအဝင် စက်သုံးဆီများ ကူညီပေးသွားမည်ဖြစ်ကာ ထွက်ရှိလာသည့် စိုက်ပျိုးရေးထွက်ကုန်များကိုလည်း စစ်ကောင်စီက ဦးဆောင်ပြီး ပြည်ပနိုင်ငံသို့ တင်ပို့ခွင့်ရအောင် ကူညီပေးသွားမည်ဟုလည်း လေလုံးထွား ခဲ့သေးသည်။
သို့သော်လက်တွေ့ စိုက်ပျိုးနေရသည့် တောင်သူတစ်ဦးကမူ “တကယ်လို့ လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ အတွက် အကျိုးအမြတ်ဆိုတာ လက်ရှိ ကုန်ဈေးနှုန်းနဲ့ သွင်းအားစုနဲ့ သွင်းမယ်ဆိုရင် ကျွန်တော်တို့ အတွက် ဘာမှ အကျိုးအမြတ် မရှိပါဘူး။ ကျွန်တော်တို့ ပင်ပန်းတာပဲ အဖတ်တင်မယ်” ဟု ပြောသည်။

စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံသည် စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ဓာတ်မြေသြဇာ၊ စက်သုံးဆီ အပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်နေခြင်းကြောင့် တောင်သူအများစု အကျပ်အတည်းနှင့် ရင်ဆိုင်နေ၏။ ထိုသို့ဖြင့် တချို့ သော စပါးစိုက်ပျိုးမှုတွင် ကုန်ကျစရိတ် သက်သာစေမည့် ကြဲခင်းစနစ်များကို ပြောင်းလဲစိုက်ပျိုးလာကြပြီး မြေဩဇာ မသုံးနိုင်၍ အထွက်နှုန်းလျော့ကျမည်ကို တောင်သူများ စိုးရိမ်နေကြသည်။
တစ်ဖက်မှာမူ စစ်ရေးပဋိပက္ခပြင်းထန်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့လို ငရုတ်၊ ကြက်သွန်၊ ပဲ၊ နှမ်း၊ ကောက်ပဲသီးနှံ၊ စပါးများကို စိုက်ပျိုးနေကြသည့် ဒေသများတွင်မူ မလုံခြုံမှုများကြောင့် အထိုက်အလျောက်သာ စိုက်ပျိုးနိုင်တော့သည်။
အငတ်ဘေးနှင့် မြန်မာပြည်
စစ်ကောင်စီ၏ အာဏာသိမ်းမှု ၁၉လတာ ကာလအတွင်း လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများသာမက မိဘမဲ့ ပရဟိတကျောင်းများလည်း စားဝတ်နေရေး ကြပ်တည်းမှုများနှင့် ရင်ဆိုင် နေရ၏။ ယခုကာလတွင် အဆမတန် မြင့်တက်နေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများနှင့် အလှူရှင်နည်းပါးလာခြင်းကြောင့် ရပ်တည်ဖို့ ခက်ခဲလာသည်ဟု ရန်ကုန်မြို့ရှိ မိဘမဲ့ ပရဟိတကျောင်းမှ ဆရာတော် တစ်ပါးက မိန့်သည်။
“အခုက အသားဟင်း ပုံမှန် မကျွေးနိုင်တော့ဘူး၊ အသီးအရွက်တွေနဲ့ ကျွေးရတာပေါ့။ နို့စို့ ကလေးတွေအတွက် နို့မှုန့် ဆိုရင် ဦးဇင်တို့မှာ ဆန်ပြုတ်၊ထမင်းရည် ရောတိုက် လာရတဲ့ အဆင့် ဖြစ်လာတာပေါ့” ဟု သံလွင်တိုင်းမ်ကို မိန့်ကြားသည်။ ထိုမိဘမဲ့ ပရဟိတကျောင်းတွင် ကလေးငယ် စုစုပေါင်း အယောက် ၁၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် စားရေး ၊သောက်ရေးအပြင် ပညာရေးလည်း ဆောင်ရွက်ပေးနေရခြင်း ဖြစ်သည်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အဆိုအရ စစ်တပ် အာဏာသိမ်းထားသည့် ယခုနှစ်အတွင်း မြန်မာပြည်သူ နှစ်သန်းကျော်သည် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နှင့် ထပ်မံ ရင်ဆိုင်ရနိုင်ဖွယ် ရှိနေသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်သုံးဆီကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့် လာမှုကို သက်သာစေရန် နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့် ကန်ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဟု ဩဂုတ် ၃၁ ရက် ညပိုင်းတွင် ကြေညာသည်။ သို့သော် မည်သည့် ကက္ဍများကို မည်သည့်ပုံစံ၊ မည်သည့်အချိန် ထောက်ပံ့ပေးမည်ဆိုသည်ကိုမူ ဗဟိုဘဏ်၏ တရားဝင် ဝက်ဆိုဒ်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
တိုင်းပြည်အာဏာကို လက်နက်အားကိုးနှင့် သိမ်းယူထားသော စစ်ကောင်စီသည် ၎င်းတို့၏ မိုးကျရွှေကိုယ် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူများကို ဩဂုတ်လမှာတင် ဗဟိုဘဏ်၏ ဒုတိယညွှန်ကြားရေးမှူးရာထူးကို ခန့်အပ်ထားသည်။
ထို့အပြင် ယခင်ခန့်အပ်ထားသော ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌနှစ်ဦးကို ရာထူးမှ အနားယူစေခဲ့ပြီး သေနတ်ထိမှန်ဒဏ်ရာရခဲ့သူ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ ခန့်အပ်ထားသည်။ သို့သော် အတက်မြန်သော်လည်း အကျနှေးသည့် ဒေါ်လာနှင့် အခေါက်ရွှေဈေးနှုန်းများမှာ စီမံခန့်ခွဲသူ ပြောင်းလဲသည့်တိုင် နန်းထိုက်တော်ဝင် ပင်တိုင်စံ အမြင့်တွင်ပင် ဆက်လက် တည်ရှိနေမြဲပင်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ တိုင်းပြည်၏ စီးပွားရေးသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ထွက်ခွာခြင်းနှင့်အတူ ပြည်တွင်းစီးပွားရေးမှာလည်း ချုံးချုံးကျလာနေသည်ကလည်း ငြင်းမရသည့်အချက် တစ်ချက်ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာတွင် ကမ္ဘာ့စီးပွားရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုမှာ နိုင်ငံတွင်း ဖြစ်ပေါ်နေသော မသေချာ၊မရေရာမှုများ မြင့်မားလာသည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို မခန့်မှန်း၊ မတွက်ချက်ဘဲ ချန်လှပ်ထားသည်ဟု ဖော်ပြသည်။
လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးကလည်း “ဒီအတိုင်းဆက်သွားမယ်ဆိုလို့ရှိရင် ဒီထက်ပိုဆိုးလာလိမ့်မယ်။ အခုတောင်မှ လုံခြုံရေးက တော်တော်ပျက်နေပြီ။ ရန်ကုန်လိုမြို့ကြီးမှာတောင် ခိုးဆိုးလုယက် တိုက်ခိုက်မှုတွေက ပြောင်ကြီး လုပ်နေကြပြီ။ နောက်ဆို ဒီထက်ပိုဆိုးဖို့ ရှိတယ်”ဟု ပြောသည်။
တိုင်းပြည်၏ နိုင်ငံရေးပြဿနာသည် နိုင်ငံ့စီးပွားရေးကို အရှိန်ပြင်းပြင်း ရိုက်ခတ်နေခြင်းကြောင့် နိုင်ငံရေးပြဿနာ ပြေလည်အောင် ဖြေရှင်းရန် လိုအပ်နေကြောင်းလည်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြထားကြသည်။ သို့မဟုတ်ပါက ဒေါ်ယမင်း၊ ဒေါ်မိုင်းမိုင်ကဲ့သို့သော အိမ်ရှင်မများသာမက အများပြည်သူများ အသက်ရှုမဝ အောက်ဆီဂျင်ပြတ်လပ်မည့် အရေးနှင့်ပါ ကြုံလာနိုင်ပါသည်။
သံလွင်တိုင်းမ်

