မော်စကို – ဇွန်(၆)
ယူကရိန်းကို အဆင့်မြင့်တိကျတဲ့ မိုဘိုင်းဒုံးပျံစနစ်တာဝေးပစ်ဒုံးကျည် တွေထောက်ပံ့ပေးရင် ပစ်မှတ်အသစ်တွေကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိ ကန်ကို သတိပေးပြောဆိုခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ နေတိုးတပ်ဖွဲ့ဝင်တွေကို ယူကရိန်းစေလွှတ်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပေမယ့် အနောက်မဟာမိတ်အုပ်စုက မောင်းသူမဲ့လေယာဉ်၊ဟောင်ဝစ် ဇာအမြောက်၊ လေယာဉ်ပစ်စတန်ဂါးနဲ့ တင့်ကားဖျက် ဂျာဗီလင်ဒုံးကျည်တွေကို ထောက်ပံ့ထား ပါတယ်။
ရုရှားနိုင်ငံအတွင်းကို ပစ်မှတ်ထား အသုံးပြုမှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက်ရရှိပြီးနောက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို (M142 HIARS) ဟိုင်းမားစ်ဒုံးကျည် စနစ် ထောက်ပံ့သွားမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။
“တာဝေးပစ် ဒုံးကျည်များ ပေးပို့သွားမည်ဆိုပါက ကျွန်ုပ်တို့ မတိုက်ခိုက်ရသေးသည့် ပစ်မှတ်များ ကို ဦးတည်သွားမယ်” လို့ ပူတင်က နိုင်ငံပိုင် ရုပ်သံလိုင်းနဲ့ အင်တာဗျူးတစ်ခု မှာပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် လက်နက်တွေတင်ပို့ရောင်းချတာဟာ အသစ်အဆန်းမဟုတ်ပေမယ့် အမြင့်ဆုံးအကွာ အဝေး(၃၀၀) ကီလိုမီတာ နဲ့ အဲ့ဒီထက်ပိုတဲ့ ဟိုင်းမားစ်စနစ် တာဝေးပစ်ဒုံးကျည်တွေကို အမေရိ ကန်က ပံ့ပို့ပေးမယ်ဆိုရင် တုံ့ပြန်မှုရှိလာမှာကို သတိပြုသင့်တယ်လို့ သူက ပြောပါသေးတယ်။
လော့ဟက်ခ် မာတင် ဟိုင်းမားစ်စနစ်ဒုံးကျည်တွေရဲ့ အကွာအဝေးဟာ ထောက်ပံ့ထားတဲ့ ခဲယမ်းတွေအပေါ်မှာ မူတည်တာဖြစ်ပြီး အမေရိကန်က ကြေညာထားတဲ့ အကွာအဝေးဟာ ယူကရိန်းမှာ ရှိပြီးသားဆိုဗီယက်လုပ် ဒုံးကျည်စနစ်တွေနဲ့ တူညီတယ်လို့ သိရပါတယ်။
“ဒါက အသစ်အဆန်းမဟုတ်ပါဘူး။ အနှစ်သာရ ဘာမှ မပြောင်းလဲပါဘူး၊ ရုရှားနိုင်ငံမှ ဖျက်ဆီးခဲ့သော လက်နက်တွေနေရာမှာ အစားထိုး လဲလှယ်လိုက်ခြင်းသာ ဖြစ်တယ်”လို့ သမ္မတ ပူတင်က ပြောပါတယ်။
ရုရှားက တိုက်ခိုက်မယ့် ပစ်မှတ်တွေကို ဖော်ပြထားတာမရှိပေမယ့် အနောက်နိုင်ငံတွေရဲ့ လက်နက်ထောက်ပံ့မှုတွေကြောင့် အခြေအနေတွေပိုမိုရှုပ်ထွေးနေပြီး ပဋိပက္ခကို ပိုမို ဆိုးဝါးစေ ဖို့ဆွဲထုတ်နေတာဖြစ်တယ်လို့ သူက စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။
ယူကရိန်းနိုင်ငံကို M142 ဟိုင်းမားစ်စနစ်ဒုံးကျည် လေးခုကို ထောက်ပံ့ပေးထားပြီး အကွာအဝေး (၆၄) ကီလိုမီတာ ကျော်ပစ်ခတ်နိုင်တဲ့ ဟောင်ဝစ်ဇာ ရော့ကဒ်အကွာအဝေးထက် နှစ်ဆ ရှိတယ် လို့အမေရိကန် ကာကွယ်ရေးဌာနက ပြောဆိုထားပါတယ်။
Ref: CNA

