ဘန်ကောက်- ဧပြီ(၄)
သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြပွဲတွေဆိုရွားလာတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ အာဏာပိုင်တွေက ညမထွက် ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ လူမှုကွန်ယက်စာမျက်နှာတွေကိုအသုံးပြုခွင့်ပိတ်ပင်လိုက်တယ် လို့သိရပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတွင်းအစားအသောက်၊ဆေးဝါး၊လောင်ဆာဆီနဲ့ လျှပ်စစ်မီးပြတ် တောက်တာတွေကြောင့် ပြည်သူတွေဟာ သမ္မတကို ဖြုတ်ချဖို့ ဆန္ဒပြပွဲတွေပြုလုပ်လာခဲ့ကြတာပါ။
မြို့တော်ကိုလံဘိုမှာရှိတဲ့ သမ္မတအိမ်တော်ကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝင်ရောက် စီးနင်းဖို့ ကြိုးစားခဲ့တဲ့နောက်မှာတော့ ပြီးခဲ့တဲ့ သောကြာနေကစပြီး တနင်္လာနေ့အထိ ညမထွက်ရအမိန့်နဲ့ နိုင်ငံ အရေးပေါ်အခြေအနေကြေညာခဲ့တာဖြစ်ပါတယ်။
အာဏာပိုင်တွေက Facebook၊ Youtube ၊ Twitter ၊ Instagram နဲ့ Whatsapp တို့ကို နိုင်ငံတွင်းအသုံးပြု ခွင့်ပိတ်ပင်သွားဖို့ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေကို အမိန့်ပေးထားတယ်လို့ အစိုးရလိုလားတဲ့ သတင်းဌာန အက်ဒါဒီရာနာ မှာဖော်ပြထားပါတယ်။
အဲ့ဒီအမိန့်အသက်မဝင်ခင်က နာမည်ဖော်ပြထားတာမရှိတဲ့ တက်ကြွလှုပ်ရှားသူတွေက တနင်္ဂနွေနေ့မှာ လူတွေစုရုံးဆန္ဒပြဖို့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တိုက်တွန်းနှိုးဆော်ထားတာပါ။
ပြီးခဲ့တဲ့ စနေနေ့ညက ရာနဲ့ချီတဲ့လူထုစုဝေးမှုတွေဖြစ်ခဲ့ကြကာ အစိုးရရဲ့ ညမထွက်ရအမိန့်ကိုဖီဆန်ပြီး ကိုလံ ဘိုမြို့က ရပ်ကွက်တွေထဲမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။
အခြေခံလိုအပ်ချက်ပြတ်လပ်မှုနဲ့ဈေးနှုန်းသိသိသာသာတို့မြင့်လာပြီး လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက် မှုတွေအတွက် အစိုးရဆန့်ကျင်ရေး ဟက်ရှ်တဂ်(#) တွေဖြစ်တဲ့”#GoHomeRajapaksas” နဲ့ “#GotaGoHome” ဆိုတဲ့စာသားတွေ သီရိလင်္ကာနိုင်ငံရဲ့ Facebook နဲ့ Twitter တို့မှာ ခေတ်စား နေကြပါတယ်။
လူမှုကွန်ယက်စာမျက်နှာမှာ ပြည်သူတွေကိုမငြိမ်မသက်ဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေ တင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ကို ပြီးခဲ့တဲ့သောကြာနေ့က ဖမ်းဆီးထားပါသေးတယ်။
နယ်မြေစိုးမိုးရေးအတွက် နိုင်ငံအနှံ့ လက်နက်ကိုင်တပ်ဖွဲ့တွေနေရာချထားပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အစိုးရဆန့်ကျင်သူတွေကို အရေးပေါ်ဉပဒေတွေသုံးပြီးဖိနှိပ်နေတဲ့အတွက် ကိုလံဘိုမြို့မှာ အခြေစိုက်တဲ့ သံတမန်ရုံးတွေက အနီးကပ်စောင့်ကြည့်နေပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ပြောခဲ့ကြပါတယ်။
Ref: Bangkok Post

