အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတဲ့ စစ်ကောင်စီက မြေပြင်မှာ KNU ကို တိုက်ခိုက်နေ

0
7567

မော်လမြိုင်၊ အောက်တိုဘာ ၈

အာဏာသိမ်းစစ်ကောင်စီက ၅ လကြာအပစ်ရပ်မယ်လို့ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်တွေက မြေပြင်မှာ လိုက်နာခြင်းမရှိဘူးလို့ KNU ဗဟိုက ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ အပစ်ရပ်သွားမယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

အဲဒီထုတ်ပြန်ချက်အပေါ်မှာ နိုင်ငံတကာအဖွဲ့အစည်းတချို့နဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တချို့ ကြိုဆိုထောက်ခံမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက အပစ်ရပ် ထုတ်ပြန်ချက်အပေါ် လိုက်နာခြင်းမရှိဘဲ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ KNU က ဆိုပါတယ်။

အပစ်ရပ်ထုတ်ပြန်ထားတဲ့ကာလမှာ ကေအဲန်ယူ – မူတြော်ခရိုင်မှာ စစ်ကောင်စီလက်အောက်ခံတပ်နဲ့ BGF တပ်ဖွဲ့တွေက ဖောထီးခူကျေးရွာရှိ ဒေသခံများ၏လုပ်ငန်းခွင်ထဲကို လက်နက်ကြီးများ ပစ်ခတ်ခဲ့သည့်အပြင် ပြည်သူတွေ သွားလာနေတဲ့ လမ်းတွေမှာလည်း မိုင်းထောင်ထားတဲ့အတွက် ပြည်သူတွေက ကြောက်လန့်စိတ်နဲ့ သွားလာနေထိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။



အဲဒီအပြင် တနေးရွာ၊ မယ်ကဝါထာ၊ ဝါခထာ၊ ဂေါ်ဝေလေးကျေးရွာမှ အမျိုးသမီးများအပါအဝင် ပြည်သူ ၄၀ ဦးနီးပါးကို အတင်းအဓမ္မဖမ်းဆီးပြီး လမ်းပြလုပ်ခိုင်းခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း နှင့် စားနပ်ရိက္ခာများ ထမ်းခိုင်းခြင်းစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် ပြည်သူလူထုများလုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်ထဲကို လက်နက်ကြီး ၃၀ လုံးကျော် နှင့် လက်နက်ငယ် အချက်ပေါင်း ၁၀၀၀ ကျော်ကို ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ဝေမိုကျေးရွာမှ လူနေအိမ် ၃၆ လုံး၊ စာသင်ကျောင်း ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ရေကန် ၁ ကန်၊ ဆိုင်ကယ် ၃ စီး၊ ကား ၁ စီး နှင့် မွေးမြူထားတဲ့တိရစ္ဆာန်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ဒူးပလာခရိုင် ဝေါလေမြိုင်မြို့နယ် အပြင်စခန်းကြီးမှာ ပြည်သူတွေရဲ့ ကား ၅ စီးနဲ့ ဆိုင်ကယ် ၂ စီးကို သိမ်းယူခဲ့ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ယခုလို အာဏာသိမ်းစစ်ကောင်စီတပ်တွေက မိမိတို့ထုတ်ပြန်ထားတဲ့ အပစ်ရပ်အပေါ် လိုက်နာခြင်းမရှိပဲ အင်အားတိုးချဲ့ကာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းကျုးကျော်ဝင်လာရောက်လာသဖြင့် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ KNLA ၊ KNDO တို့နဲ့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.