မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်း စာရင်းကို ဇူလိုင် နောက်ဆုံးပတ်မှ ထုတ်ပြန်နိုင်မည်

0
9481

မော်လမြိုင် ၊ ဇူလိုင် ၂၂

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ဝင်ယှဉ်ပြိုင်မယ့် မွန်ညီညွှတ်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ နောက်ဆုံးပတ်မှသာ ထုတ်ပြန်နိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို ဗဟိုအဆင့်ကနေ ဇူလိုင်လ (၂၀) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ဖို့ ကနဦး စီစဉ်ထားပေမယ့် အချိန်လုံလောက်မှု မရှိတာကြောင့် ဇူလိုင်လ (၂၄) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ဖို့ ရက်ရွှေ့ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗဟိုအဆင့်က ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေကို ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီက ဇူလိုင်လ (၂၅) ရက်နေ့မှာ ထပ်မံအတည်ပြုမှာဖြစ်ပြီး ယင်းနောက်မှသာ ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်ပြန်သွားမယ်လို့ မွန်ညီညွှတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။

၂၀ ရက်နေ့ ဖြတ်မယ်ပြောထားပေမယ့် ပါတီတာဝန်နဲ့ ခရီးသွားနေသူတွေရှိနေတဲ့အခါကျတော့ ချက်ချင်းမထိုင်လိုက်နိုင်ဘူး။ ၁၈ ရက်နေ့မှ ထိုင်ဖြစ်တော့ မြို့နယ်အလိုက် ပို့လာတဲ့ ကိုယ်စားလှယ်လောင်းတွေကို စီစစ်တဲ့အခါ မပြီးမြောက်ခဲ့ဘူး”လို့ ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာတော့ အရည်အချင်း သတ်မှတ်ချက် (၁၉) ချက်ရှိပြီး အရည်အချင်း တန်းတူဖြစ်ရင် လူငယ်နဲ့အမျိုးသမီးကို ဦးစားပေး ရွေးချယ်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ညီညွှတ်ရေးပါတီဟာ မွန် ၊ ကရင် ၊ တနင်္သာရီ အပြင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့က မဲဆန္ဒနယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာပါ။

မွန်ညီညွတ်ရေးပါတီဟာ မွန်အမျိုးသားပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် အခြားအစုအဖွဲ့ (၄) ဖွဲ့တို့ ပူးပေါင်းထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပါတီဝင်အင်အား နှစ်သောင်းကျော် ရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဩဂုတ်လ (၇)ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.