၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် ရွေးကောက်ခံကိုယ်စားလှယ် (၁၂)ဦးသာ မေးခွန်း၊ အဆိုတင်သွင်းခဲ့

0
12202

၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် ရွေးကောက်ခံကိုယ်စားလှယ် (၁၂)ဦးသာ မေးခွန်း၊ အဆိုတင်သွင်းခဲ့

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁

၂၀၁၇ခုနှစ်အတွင်း ကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများ၌ ရွေးကောက်ခံ ကိုယ်စားလှယ် (၁၂) ဦးသာလျှင် အဆိုတင်သွင်းမှု မေးခွန်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖေဖော် ဝါရီ (၁)ရက်နေ့တွင် ထုတ်ဝေခဲ့သည့် မွန်ပြည်နယ်လွှတ်တော် (၂၀၁၇ ခုနှစ်အတွင်း လှုပ်ရှားဆောင် ရွက်မှုများ) အစီရင်ခံစာတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၂၃)ဦးရှိသည့်အနက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖြင့် (၁၀) ဦးခန့်အုပ်ချုပ်ရေးပိုင်းသို့ ပြောင်းရွှေ့သွားရကြောင်း လွှတ်တော် ဥက္ကဌ ဒေါ်တင်တင်အိကပြောသည်။

“အစိုးရအုပ်ချုပ်ရေးဘက်ကိုပြောင်းသွားတယ်။ ဝန်ကြီးတွေပေါ့။ သူတို့လည်းမေးခွန်းမေးခွင့် အဆိုတင်သွင်းခွင့်ရှိပါတယ်။ သူတို့မလုပ်ဘူး။ ကျွန်မအမြဲမေးပါတယ်။ ဆွေးနွေးပါ။ အဆိုတင်တာ တွေလုပ်ပါ ကျွန်မကတော့ တိုက်တွန်းနေတယ်” ဟု လွှတ်တော်ဥက္ကဌ ဒေါ်တင်တင်အိကပြောသည်။

မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်(၈)ဦး စုစုပေါင်း(၃၁) ဦးဖြင့် ဖွဲ့စည်းထားသည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၂၃ဦးအနက် ၂၀ဦးမှာ တစ်မြို့နယ်လျှင် ၂ဦးကျစီဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသောလွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီး ကျန်သုံးဦးမှာ တစ်နိုင်ငံလုံး လူဦးရေ၏ ဝ.၁ ရာခိုင်နှုန်းအထက် အရေအတွက်ဖြင့် မွန်ပြည်နယ်တွင်နေထိုင်သော တိုင်းရင်းသား လူမျိုးစု၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဗမာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၊ ပအိုဝ်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်၊ ကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တို့ဖြစ်သည်။

“ဘယ်သူတွေက မေးခွန်းမမေးဘူး။ အဆိုမတင်ဘူးလဲ သေချာသိရင် ပိုကောင်းမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ်အလုပ်က မေးခွန်းမေး၊ အဆိုတင်ဖို့ပဲလေ။ အဲ့လိုမှမဟုတ်ပဲ မေးလည်းမမေး အဆိုလည်းမတင်ရင်တော့ လွှတ်တော်ကိုယ်စားလှယ်လုပ်နေတာ အပိုပဲ။ သတိထားသင့်တယ်။ အများ ပြည်သူမျက်နှာကို ကြည့်သင့်တယ်”ဟု လွှတ်တော်လုပ်ငန်းများစောင့်ကြည့်နေသူ ဦးကျော်ဇေယျလွင်က ပြောသည်။

၂၀၁၇ခုနှစ်တွင် မွန်ပြည်နယ်လွှတ်တော်အနေဖြင့် ဥပဒေ(၆)ခုကို အတည်ပြုပြဌာန်းနိုင်ခဲ့ပြီး ဥပဒေမှုကြမ်း(၆)ခုကိုမှု ယခုချိန်ထိဆွေးနွေးနေဆဲဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.