တိုင်းရင်းသားများ လိုလားနေကြသည့် ဖက်ဒရယ်စနစ် ၂၀၁၉ တွင် ပုံပေါ်မည်ဟုဆို

နေပြည်တော် မေ ၂၇ – တိုင်းရင်းသားအားလုံးတောင်းဆိုနေကြသည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည်ဆောက်ရေးကို လက်ရှိ NLD အစိုးရက အကောင်ထည်ဖော်ဆောင်ရွက်နေပြီး လာမည့် ၂၀၁၉ မှာ ၎င်းတို့ပုံဖော်နေသည့် ဖက်ဒရယ်ပုံစံကို သိရှိနိုင်ကြမှာ ဖြစ်ကြောင်း သမ္မတ ရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်းဗင်းရှင်းဗဟိုဌာန ၂ (MICC-2) မှာ မေ ၂၄ မှ ၂၈ အထိ(၅) ရက်အကြာကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးဇော်ဌေးက ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ကျွန်တော်တို့အစိုးရရဲ့ ငြိမ်းချမ်းရေးမူဝါဒ တကယ့်မျှော်မှန်းချက်က တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပါပဲ။ ဒီအစိုးရသက်တမ်းအတွင်းမှာ ၂၀၁၇ မှာ ဆွေးနွေးမှု (Discussion) လုပ်ပါမယ်။ ၂၀၁၈ ဆိုရင်အခြေခံမူကနေပြီးအသေးစိတ်အခြေခံမူဝါဒလေးတွေ ဆက်ဖြစ်လာမယ်လို့မှန်းထားတယ်။ ၂၀၁၉ ကျရင်တော့ ကျွန်တော်တို့လုပ်ဆောင်နေတဲ့ ဖက်ဒရယ်က ပုံပေါ်ပါလိမ့်မယ်။ဖက်ဒရယ်မှာဆိုရင် တိုင်းရင်းသားတွေ တောက်လျှောက်တောင်းဆိုထားတဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ပါပဲ။” ဟု ပြောကြားသည်။

ယခု ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအစည်းအဝေးကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် အားလုံးပါဝင်နိုင်ရေးနှင့် တန်းတူအခွင့်အရေး မရရှိသေးသည့်အတွက်ဟု ဆိုကာ မတက်ရောက်သော်လည်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဧ။် ဦးဆောင်မှုနှင့်အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၇) ဖွဲ့က အထူးဖိတ်ကြားသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားများ လိုလားတောင်းဆိုနေကြသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ယခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေအောက်တွင် ရေးဆွဲနိုင်မည်မဟုတ်ဆိုသည့် စိုးရိမ် ဝေဖန်မှုများလည်း ရှိနေသည်ကို သိရသည်။

“NCA မှာသဘောတူထားတဲ့အချက်ကို ပြန်ကြည့်ရင် ကျွန်တော်တို့ဟာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀ ရရှိဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်လို့ပြောထားတယ်။အဲ့လိုဖြစ်အောင် ပြည်နယ်ဖွဲ့စည်းပုံနှင့် ပြည်ထောင်စုဖွဲ့စည်းပုံ သဟဇာတဖြစ်ဖို့လိုတယ်။ဒီမိုကရေစီဆိုရင် ဒီမိုကရေစီဆန်ဆန် ဖွဲ့စည်းပုံဖြစ်ရမယ်။၂၀၀၈ ဖွဲ့စည်းပုံအောက်ကတော့ ဘယ်ပြည်နယ်ဖွဲ့စည်းပုံပဲဆွဲဆွဲ ၊ ဘယ်တိုင်းဒေသကြီး ဖွဲ့စည်းပုံပဲဆွဲဆွဲ ဖက်ဒရယ်ပုံစံဖြစ်လာဖို့ အကြောင်းမရှိဘူး။” ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး ဦးထွန်းဇော်က ဆိုသည်။
18741681_10209424487513970_2093387126_n
Think Tank အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပြည်ထောင်စု အင်စတီကျု့ ဒါရိုက်တာ ဦးခွန်စိုင်းကမူ ဖက်ဒရယ်စနစ်ကိုတည်ဆောက်ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖွဲ့စည်းပုံများကို ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိမှ ယင်းနေရာများ၏လိုအပ်ချက်များကို သိရှိနိုင်မှာဖြစ်ကြောင်း ဆိုသည်။

၎င်းက “ဖက်ဒရယ်စနစ်ကိုတည်ဆောက်ပြီးပြီဆိုရင် ပြည်နယ်ဖွဲ့စည်းပုံတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ရတာ သိပ်ကောင်းတယ်။ သူ့အခြေခံဥပဒေနဲ့ သူ့အခြေအနေနဲ့ စပ်ဆက်လျော်ညီတဲ့ ပေါ်လစီတွေချမှတ်ပြီးတော့ လုပ်ဆောင်နိုင်မယ်။” ဟု သုံးသပ်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ပင်လုံညီလာခံ စာတမ်းများတင်သွင်းခဲ့ကြရာတွင် တိုင်းရင်းသားအဖွဲ့အစည်းအချို့သည် ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုသည့် ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန်အကျွံတောင်းဆိုမှုများ ဖြစ်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပင်လုံဒုတိယ အစည်းအဝေး ပထမနေ့ မိန့်ခွန်းတွင် ပြောဆိုထားသည်။

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.