လက်တွေ့ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် NCA ကိုကျော်လွန်လုပ်ဆောင်နေကြောင်း တပ်ချုပ်ပြောကြား

နေပြည်တော်၊ မေ ၂၄ – လက်တွေ့ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) ကို ကျော်လွန်ပြီး လုပ်ဆောင်နေကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော် ကွန်ဗင်းရှင်းစင်တာ

( MICC-2) တွင် ကျင်းပနေ သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

NCA စာချုပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်ချခိုင်းခြင်း မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် မိမိဆန္ဒကို ရှေ့တန်း မတင်ဘဲ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ရာသက်ပန် စောင့်ထိန်းသွားရန် ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

“NCA ကို လျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲနေခြင်းဟာ ငြိမ်းချမ်းရေး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ိကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာဖြစ်ပါတယ်။” ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကပြောကြားသည်။

ထို့အပြင် ဖက်ဒရယ်ကိုကျော်လွန်ပြီး အလွန်အကျွံတောင်းဆိုခြင်းသည် ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိသည့် တိုင်းရင်းသားပြည်သူများဧ။် ဆန္ဒနှင့် အကျိုးစီးပွားကို ဆန့်ကျင် နေခြင်းသာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“NCA ကိုကျော်လွန်ပြီး လုပ်တယ်ဆိုတာက ဘာကိုဆိုလိုချင်တာလည်း ဆိုတာတော့ ကျွန်တော်တို့မသိဘူး။ ဖက်ဒရယ်ကို အလွန်အကျွံ တောင်းဆိုတယ်ဆိုတာကလည်း ဘယ်အချက် တွေကိုပြောတာလဲပေါ့။ တိတိကျကျ ပြောပြမှ ကျွန်တော်တို့လည်း ပြန်ထောက်ပြနိုင်မှာပေါ့” ဟုညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ( UNFC )အတွင်းရေးမှူး ဦးထွန်းဇော်က ပြောကြားသည်။

ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၃) ဖွဲ့အနက် NCA စာချုပ်ကို (၈) ဖွဲ့သာ လက်မှတ်ရေးထိုးထားပြီး မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များဖြစ်သည့် AA KIO/KIA MNDAA PSLF/ TLNA SSPP/SSA NDAA နှင့် UWSA စသည့် တိုင်းရင်းသားအဖွဲ့များက NCA ပြင်ပမှ အခြားလမ်းစဉ်ဖြင့် ငြိမ်းချမ်းရေးကို ဆွေးနွေးရန် လိုလားနေကြ သည်။

“NCA ပြင်ပကနေပြီးတော့ ငြိမ်းချမ်းရေးကို ချဉ်းကပ်မယ်ဆိုတဲ့ အသံတွေတော့ ထွက်လာ တယ်။ ဒါတွေကို လက်မခံတဲ့အကြောင်း (ကာချုပ်က) ချပြသွားတယ်ဆိုတော့ နောက်နောင် NCA ပြင်ပက ငြိမ်းချမ်းရေးစကားပြောချင်တယ်ဆိုတဲ့ အဆိုပြုချက်တွေ ပျက်ပြယ်သွားတာပေါ့။” ဟု PNLO နာယက ခွန်ဥက္ကာက ပြောကြားသည်။

NCA ပြင်ပက ငြိမ်းချမ်းရေးဆောင်ရွက်လိုသူများအနေဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားပါက NCA နှင့် လိုက်လျောညီထွေသည့် လမ်းကြောင်းကို ရှာဖွေရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်အကြံပြုသည်။
image3
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်က “ငြိမ်း ချမ်းရေးလုပ်ငန်းဆိုတာက စိတ်ရှည်ရမယ်။ အချိန်ကြာမယ်။ ဒီကြားထဲမှာ တိုးတက်မှုတွေ အများကြီး ရှိခဲ့တယ်။ တိုင်းနှင့်ပြည်နယ်အလိုက်ငြိမ်းချမ်းဆွေးနွေးပွဲတွေကို လုပ်ခြင်းအားဖြင့် ပြည်သူလူထုက ငြိမ်းချမ်းရေးအကြောင်း ပိုသိလာတယ်။ ပိုမျှော်လင့်လာတယ်။အရင်တုန်းက မပါတဲ့အဖွဲ့တွေ ပါလာတဲ့ အတွက်ကြောင့် ပိုပြီးတော့ ကြိုဆိုရမယ်။ ကျွန်တော်ပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်တဲ့ကာလ မှာ ငြိမ်းချမ်းရေးကို မရရအောင် ယူပါ။ ဒီအချိန်မှာ မယူနိုင်ဘဲ ဒီအခွင့်အရေးကြီး လွတ်သွားလို့မဖြစ်ဘူး” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေ ၂၄ မှ မေ ၂၈ အထိ ၄ ရက်ကြာ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ညီလာခံကို ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ အပါအဝင် AA၊ TNLA၊ KIO စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနိုင်းရေးကော်မတီ က တက်ရောက်ခဲ့ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) တက်ရောက်ခြင်းမရှိပေ။

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.