မွန်ပြည်နယ်ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်အောင်သန်းလွင်နှင့်တွေ့ဆုံခြင်း

0
10085

“လက်နက်ကိုင်တဲ့နှစ်ဖက်တပ်က ကျွန်တော်တို့ထက်တောင် ပိုပြီးတော့ ငြိမ်းချမ်းရေးကို လိုလားကြ မှာပါ”


မေး – မွန်ပြည်သစ်ပါတီအနေနဲ့ NCA လက်မှတ်ရေးထိုးဖို့ သေချာသလောက်နီးပါးဖြစ်နေတယ်လို့ သိရပါတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဆရာအနေနဲ့ ပါဝင်ခဲ့မှုအတိုင်းအတာလေးတွေ သိပါရစေ။
ဖြေ – လက်မှတ်ထိုးဖို့ကိစ္စက သေချာသလောက်ရှိပါတယ်၊ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌတို့လည်း တွေ့ဆုံဆွေးနွေးပြီးပြီဆိုတော့ ဖေဖေါ်ဝါရီလထဲမှာဖြစ်မယ်လို့လဲ အားလုံးက ယုံကြည်ကြပါတယ်၊ ကူညီခဲ့တဲ့တလျှောက်လုံးမှာဆိုရင် ငြိမ်းချမ်းရေးကို ပြည်သူတွေ အားလုံးအလိုရှိတယ်ဆိုတာကိုလည်း ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်က မွန်ပြည်နယ် ခန်းမမှာပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအရှေ့တောင်ဒေသငြိမ်းချမ်းရေးညီလာခံဖြစ်တဲ့ မွန်၊ တနင်္သာရီ၊ ကယား အဲဒီကနေ အဖွဲ့အစည်းပေါင်း ၁၃၂ ဖွဲ့နဲ့ ကိုယ်စားလှယ် ၄၄၅ ယောက်တို့က ငြိမ်းချမ်းရေးကို မြန်နိုင်သမျှ မြန်မြန်အလိုရှိကြောင်း ကြေငြာချက် ထုတ်ထားပြီးသားပါ။

မေး – မွန်ဒေသတစ်ခုလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုက မွန်ပြည်သစ်ပါတီ NCA လက်မှတ် ရေးထိုး/မထိုးအပေါ် ဘယ်လောက်အတိုင်းအတာအထိ တည်မှီနေပါသလဲ။
ဖြေ – ၈၅ % လောက် တည်မှီမယ်ထင်ပါတယ်၊ လက်ရှိ ကျွန်တော်တို့ဒေသတွင်းမှာဆိုရင် ရေးမြို့နယ် ကတော့ အစွန်အဖျားကျပါတယ်၊ မွန်ပြည်သစ်တပ်အခြေစိုက်တဲ့ဒေသလည်းဖြစ်တယ်၊ လောလော ဆယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာတာကြည့်မယ်ဆိုရင် ကဗျာဝကမ်းခြေ၊ ချောင်းနှစ်ခွ ဒီနေရာတွေက တကယ်လို့များ ငြိမ်းချမ်းရေးကိစ္စတွေရှိမနေဘူးဆိုရင် ဖြစ်လာမှာမဟုတ်ပါဘူး၊ ဒါတွေက မီးခိုးမဲ့ စက်ရုံတွေပါ၊ ဒီထက်မက သာယာလှပတဲ့နေရာတွေက ကျွန်တေ်ာတို့မြို့နယ်တွင်း၊ ဒေသအတွင်း မွန်ပြည်သစ်စိုးမိုးတဲ့ဒေသ ရေဖြူမြို့နယ်မှာလည်း အများကြီးရှိပါတယ်၊ ဒါတွေအားလုံးက စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် အထောက်အကူတွေအများကြီးဖြစ်ပါတယ်၊ သဘာဝပတ်ဝန်းကျင်ပိုင်းအနေနဲ့လောလောဆယ်  သစ်တောပြုန်းတီးမှုတွေကိုလည်း  မွန်ပြည်သစ်ပါတီအနေနဲ့ အတတ်နိုင်ဆုံး ကာကွယ်နေတာ ကိုတွေ့ရတယ်၊ လက်မှတ်ထိုးပြီးရင်လည်း  ဒီထက်ပိုပြီးကာကွယ်နိုင်တဲ့အပြင် မနှစ်ကဆိုရင် သစ်တောဦးစီးဌာနနဲ့ မွန်ပြည်သစ်တို့ပေါင်းပြီး စိုက်ခင်းလေးတွေ စိုက်ခဲ့နိုင်တယ်၊ ရှေ့ဆက်လက်မှတ်ထိုးပြီးရင် ဒီထက်ပိုပြီး သစ်တောတွေအစားထိုး စိုက်နိုင်လိမ့်မယ်လို့လဲ ယုံကြည်ပါတယ်။

မေး – စီးပွားရေးပြုြုပင်ပြောင်းလဲမှုအလားအလာအနေနဲ့ရော ဘယ်လိုများရှိနိုင်ပါမလဲခင်ဗျာ။
ဖြေ – ပြောင်းလဲမယ်လို့လဲယုံကြည်မယ်၊ ပြောင်းလဲအောင်လည်း ကျွန်တော်တို့အနေနဲ့ ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်ကြရမှာပါ၊ စီးပွားရေးအရဆိုရင် ခုလောလောဆယ် သွားလာလို့ မရတဲ့အနေအထား၊ လမ်းပန်းဆက်သွယ်ရေးကအစ စီးပွားရေးဖွံ့ဖြိုးဖို့ဆိုရင် (၁) ငြိမ်းချမ်းရေး (၂) လမ်းပန်းဆက်သွယ်ရေး (၃) လျှပ်စစ်ဓာတ်အား ဒီ ၃ ခုမပြည့်စုံဘဲနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ကျွန်တော် တို့ဆီလာမှာမဟုတ်ပါဘူး၊ လက်မှတ်ရေးထိုးပြီးလိုက်တာနဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း
လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ ကောင်းလာလိမ့်မယ်လို့မျှော်လင့်တယ်၊ လျှပ်စစ်ဓာတ်အားအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်တဲ့ ဓာတ်အားပေးစက်ရုံတွေလည်း ရောက်လာပါလိမ့်မယ်။ အဓိကကတော့ အဲဒီအချက် ၃ ချက်ရှိနေမှသာ ပြည်ပက အများကြီးရင်းနှီး မြှုပ်နှံမှုတွေလာမှာပါ၊ လာချင်တဲ့ပုဂ္ဂိုလ်တွေက နည်းပေါင်းစုံနဲ့ ကမ်းလှမ်းနေကြပါပြီ၊ အဲဒီအချက် ၃ ချက်နဲ့ပြည့်စုံသာလာကြမှာပါ၊ အလားအလာကောင်းတွေအများကြီးရှိနေပါပြီ။

မေး – လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမယ့် အနေအထားနဲ့ ပတ်သက်လို့ အကြံပြုပြောကြားပေးပါ။
ဖြေ – လက်မှတ်ရေးထိုးပြီးတာနဲ့ ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ရမယ်ဆိုရင် ကျွန်တော့်ရဲ့အဖေပြောခဲ့ ဖူးတဲ့စကားကို ပြန်ပြောရမှာပါ၊ ဒုတိယကမ္ဘာစစ်ပြီးတော့ ဂျပန်က စစ်လျော်ကြေးတွေ အများကြီးပေး ပြီးတော့ ဂျပန်က ကမ္ဘာကိုစစ်မလိုလားတဲ့အကြောင်း ကြော်ငြာပြီးတော့ စီးပွားရေးကို ဇောက်ချ လုပ်လိုက်တဲ့အခါမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံထဲကို ဂျပန်ရောက်သွားပါတယ်၊ ခု ကျွန်တော်တို့ဆီမှာလည်း စီးပွားရေးကို ဇောက်ချလုပ်နိုင်ဖု့ိလိုပါတယ်၊ ချွေတာဖို့လိုမယ်၊ စီးပွားရေးပြည့်စုံမှသာ ပညာရေး၊ ကျန်းမာရေး ကျန်တဲ့ဖွံ့ဖြိုးရေးလုပ်နိုင်မှာပါ၊ ဒေသတွင်းမှာကြည့်မယ်ဆိုရင် ပညာရေးနဲ့ပတ်သက်ပြီး အာားနည်းနေတာကိုလည်းတွေ့နေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘွဲ့ရပြီးလဲ ရာဘာခြစ်ရမယ် ဆိုတဲ့အတွေးမျိုးဝင်းနေတယ်၊ ပညာနည်းလာမယ်ဆိုရင် စီးပွားရေးက တဖြည်းဖြည်းကျလာမှာပါ၊ ပညာမြင့်အောင် လောလောဆယ် သက်ဆိုင်သူတွေအနေနဲ့ နိုင်တဲ့အားနဲ့စီးပွားရေးကိုဝိုင်းလုပ်မယ်၊ ပညာရေးကို ဝိုင်းဝန်းထောက်ပံ့မယ်ဆိုရင် ဒီဒေသဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာပါ။

မေး – အိမ်နီးချင်းနိုင်ငံနဲ့ ရေးမြို့နယ်အပါအဝင် နယ်စပ်မြို့တွေရဲ့ စီးပွားရေးကုန်သွယ်မှုအလားအလာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
ဖြေ – ပကတိအနေအထားမှာတော့ မြဝတီ၊ မဲဆောက်လမ်းကိုပဲ မှီခိုနေရာကနေ လက်မှတ်ရေးထိုးပြီး သွားတာနဲ့ ဘုရားသုံးဆူလမ်းဖြစ်လာမယ်၊ ထီးခီးလမ်းလည်းဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ဒေသ တွင်းအတွက် အများကြီးတိုးတက်လာမယ်လို့တော့ မျှော်လင့်ထားပါတယ်။

မေး – ဒေသတွင်းပြည်သူတွေအနေနဲ့ ဘယ်လိုများ ပြင်ဆင်ဆောင်ရွက်သင့်ပါသလဲ။
ဖြေ – ဒေသတွင်းပြည်သူတွေအတွက် ရတဲ့အားနဲ့ စီးပွားရေးဝိုင်းလုပ်နေကြရမယ်၊ ပညာရေး၊ ကျန်းမာရေးအတွက် အားထည့်ဆောင်ရွက်ဖို့ စိတ်ကူးထားရတော့မယ်။ အဓိကပြင်ဆင်ရမှာက ခုလက်ရှိ ကျွန်တော်တို့တစ်တွေကြုံတွေ့နေရတဲ့အနေအထားအရ စီးပွားရေးအရ နယ်ချဲ့ခြင်းကိုခံရ တယ်၊ စစ်ရေးအရနယ်ချဲ့တာကတော့ ဉာဏ်နိမ့်သူတွေရဲ့အလုပ်လို့ ကျွန်တော်ယူဆတယ်၊ ဉာဏ်ရည်မြင့်မားတဲ့သူကျတော့ စီးပွားရေးအရ နယ်ချဲ့တာကို မြင်တွေ့နေရမှာပါ၊ လက်ရှိ ကျွန်တော်တို့တစ်တွေရဲ့ဦးနှောက်တွေက လက်ရှိ အိမ်နီးချင်းနိုင်ငံရဲ့ သိမ်းဆည်းခြင်းကို ခံထားရတယ်၊ ဥပမာ ထိုင်းပစ္စည်းကောင်းတယ်၊ တရုတ်ပစ္စည်းမကောင်းဘူး၊ အိန္ဒယပစ္စည်း ကောင်းတယ်၊ ဂျပန်ပစ္စည်းကောင်းတယ်ဆိုတာ ကျွန်တော်တို့ရဲ့ဦးနှောက်တွေကို အိမ်နီးချင်းနိုင်ငံ တွေကသိမ်းပြီးတော့ အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့ကို နယ်ချဲ့လိုက်ပါပြီ၊ ဒါပေမယ့် ကျွန်တော် တို့ရဲ့နှလုံးသားတွေက သိမ်းပိုက်ခံနိုင်စွမ်းမရှိတဲ့လူအတော်များများက ကျွန်တော်တို့ဒေသကြီးပွား တိုးတက်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားကြရပါမယ်။ နောက်ပြီးတော့ နိုင်ငံတကာသုံး ဘာသာစကား တွေကိုလည်း လေ့လာသင်ယူထားဖို့လိုအပ်ပါမယ်။

မေး – နိုင်ငံရေးကဏ္ဍမှာ မွန်ပြည်သစ်ပါတီရဲ့ ပါဝင်လာနိုင်မှု အလားအလာရော် ဘယ်လိုရှိပါသလဲ။
ဖြေ – မွန်ပြည်သစ်ပါတီအနေနဲ့ လက်မှတ်ရေးထိုးလိုက်ပြီဆိုရင် မွန်နိုင်ငံရေးပါတီများအနေနဲ့ တစ်ပါတီတည်းဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်လုံးဝယုံကြည်ပါတယ်။

မေး – NCA လက်မှတ်ရေးထိုးပြီးရင် ရှေ့ဆက် ထာဝရငြိမ်းချမ်းရေးရရှိဖို့ သက်ဆိုင်သူတွေအားလုံး ဘယ်လိုဆောင်ရွက်သင့်ပါသလဲ။
ဖြေ – ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်လို့ပြည်သူတွေလိုလားသလို လက်နက်ကိုင်တဲ့သူတွေအတော်များများက ပိုပြီးတော့ လိုလားကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ လက်နက်ကိုင်တဲ့သူတွေအားလုံးဟာ ပစ်ခတ်နေကြတာကို မလိုလားကြပါဘူး၊ သူတို့နှလုံးသားထဲမှာ လက်နက်ကိုင်တဲ့နှစ်ဖက်တပ်က ကျွန်တော်တို့ထက်တောင် ပိုပြီးတော့ ငြိမ်းချမ်းရေးကို လိုလားကြ မှာပါ။

မေး – သီးခြားဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါ။
ဖြေ – မွန်ပြည်သစ်ပါတီရဲ့ပုဂ္ဂိုလ်တွေက အများကြီးပြောင်းလဲလာတာကို သတိထားမိပါတယ်၊ တာဝန်ရှိသူတွေအားလုံးရဲ့ စိတ်ရင်းစေတနာတွေက ရှေ့ဆက်ရမယ့် အနာဂါတ်အတွက် သာယာ ဖွံ့ဖြိုးဖို့ပဲရှိတော့မှာပါ၊ ခုနပြောခဲ့သလိုပါပဲ ကျွန်တော်တို့ရဲ့နှလုံးသားတွေက သိမ်းပိုက်ခံနိုင်စွမ်းမရှိတဲ့ သူအတော်များများက ကျွန်တော်တို့တို့ဒေသကြီးပွားတိုးတက်အောင် ဆောင်ရွက်ကြမယ်လို့ ယုံကြည် ထားပါတယ်လို့ ပြောချင်ပါတယ်။
ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
ခုလို လာရောက်မေးမြန်းပေးတဲ့အတွက် ဖြေကြားခွင့်ရတဲ့အတွက် ကျွန်တော်ကလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

တွေ့ဆုံမေးမြန်းသူ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.