|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၁၇
ဗီဒီယို အခွေငှားဆိုင်ဈေးကွက် အခြေအနေ မဟန်တော့ဟု တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောသည်။
ယင်းသို့ ဈေးကွက် အခြေအနေ မဟုတ်ခြင်းသည် မြန်မာကား အရည် အသွေးကျဆင်း လာသည့်အပြင် ထိုင်း စလောင်းခွက် များမှ မြန်မာဇာတ်ကား အပါအဝင် စိတ်ဝင်စားဖွယ် အစီအစဉ်များ ၂၄ နာရီ ပတ်လုံး ဖမ်းယူ ကြည့်ရှုခြင်းနှင့် ဆက်စပ်သည်ဟု ဦးသိန်းထွန်းက ပြောသည်။
ယခုနှစ်များအတွင်း တိုင်းအတွင်း ဆိုင်တဝက်ခန့် ရပ်နားလိုက်ကြပြီး ထားဝယ်မြို့ပေါ်ဆိုင်များလည်း ၃ ပုံ ၁ ပုံခန့် ရပ်နားလိုက်ပြီဟု သိရသည်။
“နောက်ထပ် ပြုတ်ဖို့ပဲရှိတယ်၊ ဒီအတိုင်းဆက်သွားရင် ခွေဆိုင်တွေ ပပျောက်သွားနိုင်တယ်”ဟု ဦးသိန်းထွန်းက ပြောသည်။
သရက်ချောင်းမြို့မှ ဆိုင်ရှင် တစ်ဦးကလည်း တွက်ခြေမကိုက်တော့ သဖြင့် ရပ်နားရန် စဉ်းစားနေရပြီဟု ဆိုသည်။
“ဒီဘက်ကဆိုင် အတော်များများ နားကြဖို့ များတယ်၊ လက်ကျန် သက်တမ်းလေးကို နှစ်မြောလို့ မှေးဖွင့် ထားတဲ့ သဘောလောက်ပါ”ဟု ယင်း ဆိုင်ရှင်က ပြောသည်။

မြန်မာကားများက အရည်အသွေး ကျဆင်းသော်လည်း အခွေဈေးနှင့် အခွန်အခ နှုန်းမချကြသည့်အပြင် အခွေဆိုင် သက်တမ်း တိုးရာတွင် လုပ် ဆောင်ရမည့် အဆင့်များလွန်းခြင်းကလည်း နယ်ဆိုင်ရှင်အချို့အား အခက်တွေ့စေသည်ဟု ဦးသိန်းထွန်းက ထောက်ပြသည်။
“အရင် ၂ နှစ်အတွင်း ငှားအား ၄ ပုံ ၁ ပုံလောက်လျှော့သွားတယ်၊ ခွေငှားဆိုင် ဖွင့်စားတယ် ပြောရမှာ တောင် ရှက်လာကြပြီ”ဟု အခွေဆိုင် သက်တန်း ၁၀နှစ်ကျော်ရှိသော ဦးသိန်းထွန်းက ပြောသည်။

