NUG အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် စခန်း ၉ ခု သိမ်းထားတယ်လို့ စစ်တပ်ထုတ်ပြန်

ကျိုက်ထို၊ နိဝင်ဘာလ ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ KNU တပ်မဟာ ၁ နဲ့ တပ်မဟာ ၃ အစပ်က NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၉ ခုသိမ်းထားတယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စစ်တပ်က သတင်းထုတ်ပြန်လာပါတယ်။

စစ်တပ်ထုတ်ပြန်ချက်အရ နိဝင်ဘာလ ၃ ရက်နေ့ကစတင်ပြီး မွန်ပြည်နယ်၊ သိမ်ဇရပ်-ကျိုက်ထိုဒေသနှင့် ပဲခူးတိုင်းဒေသကြီး နယ်မြေအစပ်ကို စစ်ကြောင်းထိုးနယ်မြေရှင်းလင်းရာမှာ နိုဝင်ဘာ ၅ ရက်မှာ ကော်ကပ်ကျေးရွာအနီး ယာယီအခြေပြုနေထိုင်တဲ့ စခန်း ၁ ခု၊ နိုဝင်ဘာ ၆ ရက်မှာ သိမ်ဇရပ်မြို့ အရှေ့မြောက်ဘက် ကော်ထီးထကျေးရွာအနီးရှိ စခန်း ၁ ခု၊ နိုဝင်ဘာ ၇ ရက်မှာ ကော်ထီးထ ကျေးရွာအနီး KNU၊ KNLA တပ်မဟာ(၁)၊ ရင်း(၃) ဌာနချုပ်အပါအဝင် စခန်း ၄ ခုကို သိမ်းပိုက်ရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၈ ရက်မှာလည်း ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်းက ပွိုင့် ၄ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တဝိုက်ရှိ အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် စခန်း ၅ ခု ကို ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စခန်းတွေကို သိမ်းဆည်းရာမှာ လက်နက်မျိုးစုံ ၉၇ လက်၊ ကျည်မျိုးစုံ ၁၂၂၈၅ တောင့်၊ Drop Bomb ၃၆၂ လုံး၊ မိုင်းမျိုးစုံ ၁၃၉ လုံး၊ ကား ၂ စီး၊ ဒရုန်း၊ လက်ပစ်ဗုံး၊ ဗုံးသီး၊ ဒီတိုနေတာ၊ ဆက်သွယ်ရေးစက်၊ ပစ်ကျင်း၊ ဘန်ကာ၊ လူနေတဲနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ရိက္ခာပစ္စည်း၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းတွေ ပြောက်ကျား ဝတ်စုံတွေ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ တခြားအသုံးဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်ရဲ့ မြေပြင်စုံစမ်းသိရှိချက်အရ စစ်တပ် စစ်ကြောင်းထိုးကာလအတွင်း KNU ၊ PDF စခန်း ၅ ခု အသိမ်းခံထားရတယ်လို့ သိရပါတယ်။

စစ်တပ်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး NUG အထူးတိုင်းတာဝန်ရှိသူတွေအပါအဝင် KNU တပ်မဟာ ၁ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.