ဆာနား၊ စက်တင်ဘာ ၁၆
အီရန် ထောက်ခံပေးထားတဲ့ ဟူသီအဖွဲ့က ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတဲ့ပင်လယ်နီမှာ လွတ်လပ်စွာ သွားလာနိုင်ဖို့ ဆော်ဒီအာရေးဗီးယားနဲ့ အီဂျစ်ခေါင်းဆောင်တို့က စက်တင်ဘာ ၁၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ပင်လယ်နီရှိ အရေးပါတဲ့ ရေလမ်းကြောင်း တောင်ဖက်ဝင်ပေါက်ကို ထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်သွားမယ်လို့ ဆော်ဒီအစိုးရက ကြွေးကြော်ပြီးနောက် အခုလို တောင်းဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ယီမင်နိုင်ငံမှာ ဇူလိုင်လက ပြည်တွင်း စစ်ပြန်လည် ဖြစ်ပွားပြီး နောက်ပိုင်း ဆော်ဒီထောက်ခံတဲ့ ယီမင်အစိုးရနဲ့ ဟူသီအဖွဲ့ တို့ကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပါတယ်။
ဟူသီအဖွဲ့က ဆော်ဒီကို ရေကြောင်း ပိတ်ဆို့ထားကြောင်း ကြေညာခဲ့ပြီး ပင်လယ်နီရှိ ဆော်ဒီ သင်္ဘောတွေကို စတင် ပစ်မှတ်ထားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရုတ်တရက် တိုက်ခိုက်မှုအတွင်း ဟူသီအဖွဲ့က ယီမင်နိုင်ငံရဲ့ ပင်လယ်နီ ကမ်းရိုးတန်းနဲ့ ဘက် အယ်လ် မန်ဒက် ရေလက်ကြား တစ်ခုလုံးကို ထိန်းချုပ်ထားလိုက်ပါတယ်။
အဲဒီ ရေလမ်းကြောင်းဟာ ဆော်ဒီရဲ့ ရေနံ တင်ပို့မှုတွေအတွက် အရေးကြီးတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
ပိုမို ကျယ်ပြန့်လာတဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ပင်လယ်ကွေ့ရှိ ဟောမု့ဇ် ရေလက်ကြားကိုလည်း အီရန်က ပိတ်ထားပါတယ်။
ဆော်ဒီခေါင်းဆောင် တော်ဝင်မင်းသား မိုဟာမက် ဘင် ဆော်လ်မန်နဲ့ အီဂျစ် သမ္မတ အဗဒယ် ဖာတာ အယ်စီစီတို့ စက်တင်ဘာ ၁၅ ရက်က ကိုင်ရိုမြို့မှာ တွေ့ဆုံခဲ့ပြီး နောက်ဆုံး ပြဿနာကို နှစ်ဦးသား ဆွေးနွေးခဲ့ကြပါတယ်။
ဟောမု့ဇ် ရေလက်ကြားနဲ့ ဘက် အယ်လ် မန်ဒက် ရေလက်ကြားတို့မှာ လွတ်လပ်စွာ ဘေးကင်းလုံခြုံစွာ သွားလာခွင့် သေချာစေရေး ဆောင်ရွက်ဖို့ ခေါင်းဆောင် နှစ်ဦး တောင်းခဲ့ကြကြောင်း အီဂျစ် သမ္မတရုံးက ပြောပါတယ်။
ဆော်ဒီက သူတို့ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ကာကွယ်ဖို့ ဆောင်ရွက်တဲ့ အစီအစဉ်တွေကို အီဂျစ်က ထောက်ခံကြောင်း သမ္မတ အယ်လ် စီစီက အတည်ပြုပါတယ်။
၂၀၂၂ ခုနှစ် နောက်ပိုင်း ငြိမ်သက်နေခဲ့တဲ့ ယီမင် စစ်ပွဲ ရုတ်တရက် ပြန်စလာတာကြောင့် ရီးယာ့ဒ်အနေနဲ့ အလျင်အမြန် တုံ့ပြန်ခဲ့ရပါတယ်။
တော်ဝင်မင်းသားက အမေရိကန်အနေနဲ့ ကြားဝင်ရှင်းပေးဖို့ သမ္မတ ထရန့်ကို တိုက်တွန်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ အမေရိကန် မီဒီယာတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖော်ပြထားပါတယ်။
ဘက် အယ်လ်မန်ဒက် ရေလက်ကြားမှာ ဆော်ဒီ သင်္ဘောတွေကလွဲပြီး ကျန်သင်္ဘောတွေအတွက် အန္တရာယ် မရှိဘူးလို့ ဟူသီအဖွဲ့က အခိုင်အမာ ပြောဆိုထား ပါတယ်။
ဒါပေမဲ့ အဲဒီ ရေလမ်းကြောင်းမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရင် တခြား သင်္ဘောတွေလည်း ဖြတ်သန်းဖို့ ချင့်ချိန် စဉ်းစားလာနိုင်ပါတယ်။
အဲဒီ ရေလက်ကြားမှာ သင်္ဘော ဖြတ်သန်းမှုတွေ အနှောင့်အယှက် ဖြစ်နေတာကြောင့် အီဂျစ်လည်း ထိခိုက် နစ်နာနေရပါတယ်။
ပင်လယ်နီဟာ အီဂျစ်အတွက် နိုင်ငံခြား ငွေရရှိရေး အားကိုးနေရတဲ့ စူးအက် တူးမြောင်းသို့ ဂိတ်ပေါက်အနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။
အဲဒီ တူးမြောင်းကနေ ရရှိတဲ့ ဝင်ငွေဟာ ၂၀၂၃ ခုနှစ်က ပင်လယ်နီရှိ သင်္ဘောတွေကို ဟူသီအဖွဲ့က စတင် မတိုက်ခိုက်ခင်က ဝင်ငွေပမာဏထက် ထက်ဝက် လျော့ကျသွားကြောင်း သိရပါတယ်။
ဂါဇာ ကမ်းမြောင်ဒေသမှာ ဟားမာ့စ်အဖွဲ့ကို အစ္စရေးရဲ့ စစ်ပွဲ ဆင်နွှဲမှုအတွင်း ပါလက်စတိုင်းသားတွေနဲ့ တသားတည်း ရှိတယ်လို့ ပြောပြီး ဟူသီအဖွဲ့က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဘက် အယ်လ် မန်ဒက် ရေလက်ကြားကို ပိတ်ထားရင် ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကာတာက စက်တင်ဘာ ၁၅ ရက်မှာ သတိပေးခဲ့ပါတယ်။
အဲဒီ လမ်းကြောင်း ပိတ်ထားတာကြောင့် တကမ္ဘာလုံးအတွက် ကပ်ဆိုး တစ်ခုလို ဖြစ်စေလိမ့်မယ်လို့ ကာတာက သတိပေးထားတာပါ။
ဒီအချိန်အတွင်း ဆော်ဒီကို ဟူသီဖွဲ့က တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
Ref:AFP

