နေပြည်တော် ၊ စက်တင်ဘာာ ၁၆
အာဏာသိမ်းမှုအတွင်း စစ်တပ်ရဲ့ သမိုင်းဝင် ကျရှုံးခဲ့ရတဲ့ တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် တိုင်းစစ်ဌာနချုပ် အားလုံးမှာ လက်နက်ချအလင်းဝင်လာသူ ၅၆၀၀ ကျော် ရှိလာတယ်လို့ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။
နိုင်ငံတော်နဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နားလည်သဘောပေါက်လာလို့ PDF အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ သတင်းစာတွေမှာ ဝါဒဖြန့်ထားတာပါ။
၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း တိုင်းစစ်ဌာနချုပ် ၁၄ ခုမှာ အမျိုးသား၊အမျိုးသမီး ၅၆၇၂ ဦးတို့ဟာ လက်နက်မျိုးစုံ ၆၉၂ လက်၊ အခြားဆက်စပ်ပစ္စည်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
တိုင်းစစ်ဌာနချုပ်တွေထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလင်းဝင်လာသူ ၂၉၂၀ ကျော်နဲ့ လက်နက်မျိုးစုံ ၂၂၉ လက်အထိ ပထမ အများဆုံးဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာတော့ အလင်းဝင်သူ ၈၉၀ ကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ်လဆန်းမှာ အပြည့်အဝထိန်းချုပ်ထားတာပါ။ ဒါပေမယ့် တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ၂၀၂၅ ခုနှစ် ဧပြီမှာ စစ်တပ်က လားရှိုးမြို့ကို ပြန်လည်ဝင်ရောက် ထိန်းချုပ်ခွင့် ရခဲ့တာပါ။
ဒါ့အပြင် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ အာရက္ခတပ်တော် AA ရဲ့ အပြီးသတ်သိမ်းပိုက်မှုကို ခံခဲ့ရတာကြောင့် လက်ရှိမှာ စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ တိုင်းစစ်ဌာနချုပ်ရဲ့ ယန္တရားတွေကို လည်ပတ်နေတာပါ။
ဒီအခြေအနေမှာ စစ်အစိုးရရဲ့ ဝါဒဖြန့်မှုအရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလင်းဝင်လာသူ ၁၂ ဦး ရှိပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာတော့ အလင်းဝင်သူ ၅၈၀ နဲ့ လက်နက်မျိုးစုံ ၁၃၃ လက်ရှိတာကြောင့် တတိယအများဆုံး ဖြစ်ပါတယ်။
စစ်အစိုးရဘက်က ဝါဒဖြန့်ထားတဲ့ ကိန်ဂဏန်းတွေအရ အလင်းဝင်လာသူ အရေအတွက် စုစုပေါင်းရဲ့ ၁၂ ဒသမ၂ ရာခိုင်နှုန်းလောက်သာ လက်နက်မျိုးစုံ ပါဝင်လာတာဖြစ်ပြီး အဲဒီအချက်အလက်တွေဟာ မြေပြင်မှာ တကယ် ဟုတ် မဟုတ် သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်တပ်ဘက်က အချက်အလက်တွေဟာ ပြောင်းပြန်ပဲ ကောက်ရတာမို့ လက်ရှိ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ အနည်းဆုံး ၅၆၀ ကနေ ၁၀၀၀ ဝန်းကျင်လောက်သာ ရှိနိုင်မယ်လို့ ခန့်မှန်းပါတယ်။
တစ်ဘက်မှာတော့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ နိုင်ငံရေးအရ တရားဝင်မှုရဖို့ နည်းမျိုးစုံ ကြိုးပမ်းလာနေတဲ့ စစ်အစိုးရက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စွပ်စွဲချက်အမျိုးမျိုးနဲ့ ပုံဖျက်ပြီး PDF တွေ အလင်းဝင်လာမှုကို မကြာခဏ ဝါဒဖြန့်နေတာပါ။
ဒီအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တုံ့ပြန်ချက်ရဖို့ သံလွင်တိုင်းမ်အနေနဲ့ အဲဒီအဖွဲ့အစည်းတချို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။
အာဏာသိမ်း စစ်အစိုးရကတော့ ရက် ၁၀၀ စီမံချက်အဖြစ် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုတော့ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးဖို့ ဖယ်ကျဉ်ကာ တပ်ဖွဲ့ဝင်တွေကိုတော့ လက်နက်ချဖို့ ဖိတ်ခေါ်ပြီး အလင်းဝင်လာတဲ့ သတင်းတွေ ဆက်တိုက် ဝါဒဖြန့်နေတာပါ။
တစ်ဘက်မှာတော့ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းရှိ မြို့ပေါ်နဲ့ ရပ်ကွက်ကျေးရွာတွေမှာ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေက လူငယ်လူရွယ်တွေကို စစ်မှုထမ်းအတွက် နေ့ညမရွေး ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

