မော်လမြိုင် ၊ စက်တင်ဘာ ၁၆

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း အစိုးရက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေတွေကို စက်သုံးဆီ မရောင်းပေးတာကြောင့် ငါးဈေးနှုန်း ထိုးတက်လာတယ်လို့ အိမ်ရှင်မတွေနဲ့ ငါးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ငါးဈေးနှုန်း အဆမတန် မြင့်တက်လာရတာဟာ စက်သုံးဆီ မရောင်းပေးတာ၊ မှောင်ခိုးဈေးကွက်တွေမှာ စက်သုံးဆီတွေကို ဈေးနှုန်း အဆမတန်ပေးပြီး ဝယ်ယူသုံးစွဲနေရတာ၊ ငါးသယံဇာတတွေ ပြုန်းတီးပြီး ငါးအထိအမိနည်းပါးလာတာကြောင့်လို့ ဆိုပါတယ်။

ဈေးကွက်အတွင်းမှာတော့ ငါးကြင်းဖြူ တစ်ပိဿာ ကျပ် ၄၀,၀၀၀ နီးပါး၊ ငါးသလောက် တစ်ပိဿာ ကျပ် ၅၀,၀၀၀ ကျော်၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၃၅,၀၀၀ ၊ ပုဇွန် တစ်ပိဿာ ကျပ် ၄၀,၀၀၀ ကျော်၊ ငါးဒန်၊ငါးပျက်အပါအဝင် ကျန်တဲ့ ငါးအမျိုးအစားတွေကလည်း ကျပ် ၁၅,၀၀၀ ကနေ ကျပ် ၃၀,၀၀၀ လောက်အထိ ဈေးနှုန်း မြင့်တက်လာပါတယ်။

ငါးလုပ်ငန်းရှင် တစ်ဦးကတော့ ငါးဈေးနှုန်း ကြီးမြင့်နေတာဟာ စက်သုံးဆီ ဝယ်လို့ မရတဲ့အတွက် မှောင်ခို ဝယ်ယူပြီး သုံးစွဲနေရတာကြောင့် ဖြစ်သလို ငါးတွေလည်း ရှားပါးမှုကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိက ပြဿနာက ဆီဝယ်လို့ မရတာရယ်၊ ကုန်ဈေးကလည်း ဈေးနှုန်းတွေ တက်တယ်။ လှေတွေက သိပ်မထွက်ရဘူး။ ထွက်တဲ့လှေက ထွက်တယ်။ ဆီက သူတို့က ပုံးနဲ့ မရောင်းဘူး။ မှောင်ခိုဝယ်လို့ရရင် ဈေးကြီးကြီးနဲ့ ဝယ်ပြီး ထွက်ပေါ့။ အဲဒီလိုပေါ့ ငါးကလည်း နည်းနည်း ရှားလာတာပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ငါးသယံဇာတတွေဟာ အစိုးရက အရင်လို ငါးသယံဇာတတွေကို ထိန်းသိမ်းမှု မရှိတာကြောင့် ငါးအထိအမိ သိသိသာသာ နည်းလာသလို တချို့ ပို့ကုန်တန်းဝင်တဲ့ ငါးအမျိုးအစားတွေပါ ရရှိမှုနည်းလာတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က ငါးသယံဇာတ ထိန်းသိမ်းဖို့အတွက် သတ်မှတ် ငါးရစ်ငါးသန်ချိန်တွေမှာ တရားမဝင် ငါးဖမ်းဆီးပါက အရေးယူတာတွေ ပြုလုပ်ခဲ့သလို တရားမဝင် သံဇကာပိုက်တွေကိုလည်း ဖမ်းဆီး အရေးယူတာတွေ ပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် စစ်တပ် အသွင်းပြောင်း အစိုးရ လက်ထက်မှာတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ ငါးသယံဇာတ ထိန်းသိမ်းမှု မရှိသလောက် နည်းပါးနေပြီး တရားမဝင် ငါးဖမ်းဆီးမှုတွေကိုလည်း ထိထိရောက်ရောက် အရေးယူတာတွေ မရှိသေးပါဘူး။

အိမ်ရှင်မတစ်ဦးကတော့ ငါးဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် ဝယ်စားမနိုင်တဲ့ အခြေအနေ ဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ငါးဈေးနှုန်းဟာ အာဏာမသိမ်းခင်က ငါးအမျိုးအစားပေါ်မူတည်ပြီး တစ်ပိဿာ ကျပ် ၃၅၀၀ ကနေ ကျပ် ၈၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် ဈေးနှုန်း ငါးဆကနေ ရှစ်ဆနီးပါး မြင့်တက်လာပါတယ်။

မွန်ပြည်နယ်ဟာ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ ၃၀၀၀ ကျော် ရှိပြီး ငါးလုပ်ငန်းက ထွက်ရှိလာတဲ့ ငါးတွေကိုတော့ တရုတ်နဲ့တခြားနိုင်ငံတချို့ကို တင်ပို့ရောင်းချနေပြီး ငါးလုပ်ငန်းဟာ ပြည်နယ်ရဲ့ တတိယမြောက် စီးပွားရေး လုပ်ငန်းလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.