ဘားအံ၊ စက်တင်ဘာ ၁၆
ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးလည်း ဖြစ်တဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံခဲ့ရတယ်လို့ ပါတီဘက်က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ဘားအံမြို့ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပခဲ့တဲ့ ကရင်ပြည်နယ်ပါတီကော်မတီရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးမှာ ရွေးချယ်ခံခဲ့တာပါ။
ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ကော်မတီရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးကို ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်၊ ပါတီဗဟိုအကြံပေး ဦးစောမြင့်ဦးနဲ့အဖွဲ့က ပြည်နယ်ပါတီကော်မတီရွေးချယ်ရေး သဘာပတိအဖွဲ့အဖြစ် ဆောင်ရွက်ခဲ့တာပါ။
အဲဒီရွေးချယ်ပွဲမှာ ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌအဖြစ် ဦစောမြင့်ဦး၊ ဒုဥက္ကဌအဖြစ် ဦးစန်းကို ၊ အတွင်းရေးမှူးအဖြစ် ဦးစောဝင်းထိန်၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်စန္ဒာဦး ရွေးချယ်ခံခဲ့ရပါတယ်။
ပါတီဥက္ကဌအဖြစ် ရွေးချယ်ခံရတဲ့ ဦးစောမြင့်ဦးဟာ ပါတီဗဟိုရဲ့အတိုင်ပင်ခံတစ်ဦးဖြစ်ပြီး လက်ရှိ အသွင်ပြောင်းစစ်အစိုးရရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသလို ဦးစန်းကိုကတော့ လက်ရှိ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။
အရင်က ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဌဟာ ဒေါ်နန်းနီနီအေးဖြစ်ပြီး ဒေါ်နန်းနီနီအေးဟာ လက်ရှိ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်အသွင်ပြောင်းအစိုးရအဖွဲ့ထဲမှာ ဒုသမ္မတ(၂)အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လူယုံတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ် ရွေးချယ်ခံရတာလည်း ဖြစ်ပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်အပေါ် သြဇာညောင်းတဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ကရင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပါတီဆိုက်ကိုပါ ထိန်းချုပ်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-USDP

