ထားဝယ်၊ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာရှိ PP1 စက်သုံးဆီအရောင်းဆိုင် မန်နေဂျာဖြစ်သူ ပစ်သတ်ခံရပြီးနောက် ကားပါယူသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၆ နာရီအချိန်ခန်လောက်မှာ အသက် ၃၉ နှစ်အရွယ် စက်သုံးဆီဆိုင် မန်နေဂျာ ဦးဟန်စိုင်းအောင်ကို သေနတ်သမား နှစ်ဦးက စက်သုံးဆီဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
ဆိုင်ကယ် စက်သုံးဆီ လာထည့်ပုံစံနဲ့ ဝင်ရောက်လာတဲ့ သေနတ်သမား နှစ်ဦးဟာ စက်သုံးဆီဆိုင် မန်နေဂျာကို မေးမြန်းပြီးနောက် သေနတ်နဲ့ အနီးကပ် ပစ်ခတ်သွားတာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် စက်သုံးဆီဆိုင် မန်နေဂျာ ဦးဟန်စိုင်းအောင်ကို ရင်ဘတ်နဲ့ဝမ်းဗိုက်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာ သုံးချက် ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုပြုလုပ်ပြီးနောက် သေနတ်သမား နှစ်ဦးဟာ သေနတ်နဲ့ခြိမ်းခြောက်ပြီး ဆီရောင်းရငွေတွေနဲ့မန်နေဂျာရဲ့ ကားကိုပါယူဆောင်သွားပါတယ်။
စက်သုံးဆီဆိုင် မန်နေဂျာ ဦးဟန်စိုင်းအောင် ဘာကြောင့် ပစ်သတ်ခံရလဲဆိုတာ လက်ရှိအချိန်ထိ မသိရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်

