မော်လမြိုင်၊ စက်တင်ဘာ ၁၅

မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဦးသက်ထွေးဟာ စစ်တပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်နယ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ ပါတီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ခေတ္တဥက္ကဋ္ဌဖြစ်တဲ့ ဦးသက်ထွေးကို မနေ့ စက်တင်ဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ပြည်နယ်အဆင့် ဗဟိုအလုပ်ဆောင်မှု ရွေးချယ်ပွဲမှာ ပါတီဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဦးသက်ထွေးဟာ စစ်တပ် ဦးဆောင်ကျင်းတဲ့ ရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ် အမှတ်(၂) ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဖြစ်လာခဲ့တာပါ။

ဦးသက်ထွေးဟာ လွှတ်တော်အတွင်းမှာ ကိုယ်စားလှယ်တွေအနေနဲ့ စစ်တပ်အသွင်းပြောင်း အစိုးရနဲ့ ပွတ်တိုက်မှု မဖြစ်အောင် လုပ်ကြဖို့နဲ့ အစိုးရက လုပ်နိုင်တဲ့ မေးခွန်းအဆိုတွေသာ မေးမြန်းကြဖို့ မကြာခဏ တိုက်တွန်းသူ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးသက်ထွေးဟာ မော်လမြိုင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ် လွှတ်တော်ရဲ့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီဝင်အဖြစ် ခန့်အပ်မှုကြောင့် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်ဆောင်မှုအဖွဲ့ကိုတော့ အဖွဲ့ဝင် ၁၅ အဖြစ် ဖွဲ့စည်းခဲ့ပြီး ပြည်နယ်ပါတီ အတွင်းရေးမှူးအဖြစ် လက်ရှိ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမျိုးမင်းလှိုင် ရွေးချယ်ခံခဲ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ မွန်ပြည်နယ် ဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်ကြည်သိန်းက ဗဟိုအလုပ်ဆောင်မှု ရွေးချယ်ပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ပါတီအဖွဲ့ဝင်အဖြစ်သာ ဆက်ရှိသွားမယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းခြင်းခံထားရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ တိုင်းနဲ့ပြည်နယ်အဆင့်မှာ ဗဟိုအလုပ်ဆောင်မှုအဖွဲ့တွေကို ပြန်လည်ရွေးချယ်တာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.