မကွေး စက်တင်ဘာ ၁၅

မကွေးတိုင်း မင်းတုန်းမြို့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေအကြောင်းမဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ၄၀ မိနစ်က မင်းတုန်းမြို့နယ် ဇွန်းကျ ကျေးရွာကို သရက် ကပစ ၁၂ ကနေ တက်လာတဲ့ ပါရာမော်တာ ၃ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။

“လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတုန်းအနောက်ခြမ်းက ဇွန်းကျကျေးရွာနဲ့ဝေးပါတယ်။​ အဲဒီတော့ တိုက်ပွဲမရှိဘူး။ စစ်ကြောင်းမရှိဘူး။ စစ်ရေးဖော်ဆောင်တာတွေလည်း မရှိဘဲနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သွားတာပါ။” လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

မင်းတုန်းမြို့နယ် အနောက်ခြမ်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြောင်းကျေးရွာအနီးမှာဖြစ်ပြီးတော့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကလည်း ဇွန်းကျကျေးရွာအနီးမှာ မရှိဘူးလို့ သိရပါတယ်။

ပါရာမော်တာနဲ့ ဗုံး ၈ လုံးချ တိုက်ခိုက်တာကြောင့် ဇွန်းကျကျေးရွာနေ ဒေါ်ပစာ အသက် (၇၀) နှစ်၊ မခင်ဝေဇင်မိုး အသက် (၁၇) နှစ်၊ မနွယ်နွယ်ဝင်း အသက် (၂၅) နှစ်၊ မထက်သဇင်လှိုင် အသက် (၁၁) နှစ်၊ မငုဝါလှိုင် အသက် (၁၀) နှစ်၊မောင်ကောင်းထက်ကျော် အသက် (၁၅) နှစ်၊ စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်မာလာ အသက် (၂၃)နှစ်၊ မောင်မင်းထက်ဦး အသက် (၁၃) နှစ်၊ မောင်ချစ်မဝ အသက် (၁၀) နှစ်၊ မမြမှုးမေ အသက် (၁၄) နှစ်၊ မသင်းသင်းလှိုင် အသက် (၁၆) နှစ်တို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းတုန်းမြို့နယ် အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေကို ပြည်သူတွေ နေထိုင်ရာဘက်ကို ပစ်ခတ်နေတာကြောင့် သတိထားနေထိုင်ကြဖို့ကိုလည်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းက တိုက်တွန်းထားပါသေးတယ်။

အင်အား ၁၀၀၀ ကျော်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်​​​ကြောင်းတွေဟာ မင်းတုန်းမြို့နယ်နဲ့ ရခိုင်ရိုးမအစပ်ကို ဒုတိယအကြိမ် နယ်မြေစိုးမိုးမှုရဖို့ ကြိုးစားနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီး ရခိုင်ရိုးမအစပ်က ကျေးရွာတွေက စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – သရက်ခရိုင် အမှတ် ၄ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.