ဖာပွန်၊ စက်တင်ဘာ ၁၅
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ စစ်ဆင်ရေးဝင်ရောက်နေတဲ့ ခမရ ၃၅၇ တပ်ရင်းက တပ်သားအဆင့်ရှိသူတစ်ဦးဟာ လက်နက်ခဲယမ်းဗုံးသီးတွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၅ တပ်မဟာထံ လက်နက်ချလာခဲ့တယ်လို့ KNU ဖာပွန်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဖာပွန်ခရိုင် ဖားလုံးလေးရွာမှာ ရှိနေတဲ့ စစ်တပ်ရဲ့ စကခ ၁၂ ၊ ခမရ ၃၅၇ လက်အောက်ရှိစစ်ကြောင်းက အသက် ၄၀ နှစ်အရွယ် တပ်သားအောင်ဇော်မျိုးဟာ စက်တင်ဘာ ၁၃ ရက်နေ့က ထွက်ပြေးလာခဲ့ပြီး KNLA အမှတ် ၅ တပ်မဟာ တပ်ရင်း ၁၀၂ ထံ လက်နက်ချလာတာပါ။
လက်နက်ချလာသူဖြစ်တဲ့ တပ်သာအောင်ဇော်မျိုးနဲ့ ပါဝင်လာတဲ့ပစ္စည်းတွေကတော့ MA-1 ၁ လက် BA 100 ၁ လက်နဲ့ ကျည် ခဲယမ်း ပစ္စည်းတွေ ပါလာတယ်လို့ KNU ဖာပွန်ခရိုင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့တုန်းကလည်း ကမမောင်းမြို့နဲ့ ကတိုင်တိရွာကြား ဖာပွန်-ကမမောင်းလမ်းပေါ်ရှိ ဝါးသိုးခိုရွာမှာရှိတဲ့ စစ်တပ်စခန်းကို KNLA အမှတ် ၅ တပ်မဟာက ဝင်ရောက်ပစ်ခတ်တိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း လက်နက် ၃ လက် ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်တပ်ကတော့ ကမမောင်းကနေ ဖာပွန်ကို မြေပြင်ထိုးစစ်ဆင်နွဲနေစဉ်အတွင်း ထိခိုက်ကျဆုံးမှုအချို့သာ ရှိခဲ့တယ်လို့ ဝါဒဖြန့်ထုတ်ပြန်ထားပြီး မြေပြင်မှာတော့ စစ်တပ် အထိနာနေပြီး လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ စစ်ဆင်ရေးဝင်ရောက်နေတဲ့ စစ်တပ်ဟာ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ စစ်ရှုံးနိမ့်မှုတွေနဲ့သာ ကြုံနေခဲ့ရပြီး စစ်သားတွေမှာ ရာနဲ့ချီ သေဆုံး ဒဏ်ရာရမှုတွေရှိတဲ့အပြင် အခုလက်ရှိမှာလည်း ဖားလုံးကြီးကျေးရွာမှာ စစ်ကြောင်းတပ်စွဲနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

