အစ္စတန်ဘူလ်၊ စက်တင်ဘာ ၁၆
လိင်တူစုံမက်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နေရာတွေကို တူရကီ အစိုးရရဲ့ မကြာသေးခင်က နှိမ်နှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တူရကီ ရဲတပ်ဖွဲ့က လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထားပါတယ်။
အစ္စတန်ဘူလ်မြို့ရဲ့ အဓိက တရားရုံး အပြင်ဖက်မှာ စက်တင်ဘာ ၁၅ ရက်က ဆန္ဒပြသူတွေ စုဝေးချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
လိင်တူစုံမက်သူတွေရဲ့ ဘားဆိုင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က စီးနင်းမှုတွေ ပြုလုပ်ချိန် ဖမ်းဆီးခံခဲ့ရတဲ့ တခြား LGBTQ+ တက်ကြွလှုပ်ရှားသူ အုပ်စုကို လွှတ်ပေးဖို့ သူတို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
တူရကီ အစိုးရက LGBTQ+ အသိုင်းအဝန်း အဖွဲ့ဝင်တွေနဲ့အတူ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
မိသားစု တန်ဖိုးထားမှုတွေကို ကာကွယ်ရေး အဲဒီလို နှိမ်နှင်းနေတာ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်က ဆန္ဒပြပွဲမှာ လူတွေက လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားအဓွန့် ရှည်ပါစေလို့ အော်ဟစ်ခဲ့ကြပြီး ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
LGBTQ ဖြစ်ရတာဟာ ရာဇဝတ်မှု မဟုတ်ဆိုတဲ့ စာတမ်းကို ဆန္ဒပြသူ တချို့က ဖော်ပြခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မိမိတို့ မြင်တွေ့နေရတာက အများကြီး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်လို့ ဆန္ဒပြသူ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
တူရကီမှာ LGBTQ အသိုင်းအဝိုင်းအပေါ် နှိမ်နှင်းမှုတွေ ပိုမို ကျယ်ပြန့်လာနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောထားပါတယ်။
ပြီးခဲ့ သီတင်းပတ်အတွင်း ပြည်နယ် တော်တော်များများမှာ အဖွဲ့အစည်း ရုံးခန်းတွေကို အာဏာပိုင်တွေက စီးနင်းပြီး ဝက်ဘ်ဆိုက်တွေကို ပိတ်တာ လူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
LGBTQ အုပ်စုဝင်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ဝက်ဘ်ဆိုက်တွေနဲ့ လူမှုမီဒီယာ အကောင့်တွေ အသုံးပြုခွင့်ကိုလည်း အစိုးရက တားမြစ် ကန့်သတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
တူရကီမှာ လိင်တူစုံမက်မှုဟာ ဥပဒေချိုးဖောက်မှု မဟုတ်ပေမယ့် လိင်တူစုံမက်သူတွေကို မကျေနပ်တာတွေ ရှောင်ဖယ်တာတွေက တွေ့နေကျ ဖြစ်ပါတယ်။
သမ္မတ အာဒိုဂန်က LGBTQ တွေဟာ ကလေးမွေးဖွားနှုန်း လျော့ကျမှုအတွက် တာဝန်ရှိတဲ့ သွေဖယ်သူတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဥရောပကောင်စီ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မိုက်ကယ် အိုဖလာဟာတီက အဲဒီ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောထားပါတယ်။
တူရကီနိုင်ငံ တဝှမ်း လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ LGBTQ လူမှု အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး ဝက်ဘ်ဆိုက်တွေကို ပိတ်တာ လူမှုမီဒီယာ အကောင့်တွေကို ပိတ်ပစ်တာ စီးနင်းမှုတွေ လုပ်ဆောင်တာနဲ့ ဖမ်းဆီးမှုတွေကြောင့် မိမိအနေနဲ့ စိုးရိမ်ကြောင်း သူက ပြောပါတယ်။
တူရကီ တရားရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်မှာ ပြည်နယ် ၁၅ ခုရှိ မိမိတို့ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း လူ ၁၆ ၂ဦး၊ အဖွဲ့အစည်း ၉ ခု၊ လုပ်ငန်း ၁၃ ခုကို အရေးယူခဲ့တယ်လို့ ဖော်ပြထားကြောင်း အိုဖလာဟာတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဩ
Ref:BBC

