နေပြည်တော် ၊ ဩဂုတ် ၁၂

အာဏာသိမ်း စစ်တပ်က‌နေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် တွေ့ဆုံဆွေးနွေးကြတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ နယ်မြေသတ်မှတ်တောင်းဆိုမှုတွေအပေါ် ဘယ်အတိုင်းအတာထိ လိုက်လျောပေးနိုင်မလဲဆိုတာ စဉ်းစားစရာ ဖြစ်လာနေပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ဒီကနေ့တိုင် ဆက်လက်ရင်ဆိုင်နေရတဲ့ စစ်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ သွေးခွဲရေးဗျူဟာ ကျင့်သုံးလာနေတာပါ။

စစ်အစိုးရရဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးညှိနှိုင်းကော်မတီ NSPNC နဲ့ တွေ့ဆုံဆွေးနွေးကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ ပြည်နယ်ရရှိရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

အထူးသဖြင့် တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေနဲ့အတူ နယ်မြေချင်းထိစပ်နေတဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက အင်အားအကြီးဆုံး UWSA က ‘ဝ’ ပြည်နယ်ရရှိရေးကို အစဉ်တစိုက် တောင်းဆိုနေတာပါ။

အလားတူ စစ်တပ်အရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဦးဆောင်ပါဝင်ခဲ့ပြီး တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဖိအားပေးမှုတွေကြောင့် အပစ်ခတ်ရပ်စဲထားတဲ့ TNLA လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ပြီး တအာင်းပြည်နယ်ရရှိရေးကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ SNA ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိဖို့ တောင်းဆိုထားသလို မိုင်းလားအဖွဲ့ကလည်း တိုင်းရင်းသား အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် စွဲမြဲစွာ ဆုပ်ကိုင်ထားတဲ့အကြောင်း အသိပေးထားတာပါ။

ဒီလိုမျိုး တောင်းဆိုမှုတွေဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိဖို့ဖြစ်တာကြောင့် ပြည်ထောင်စုကနေ ခွဲမထွက်ဘဲ အတူတကွ တည်ဆောက်သွားကြမယ်ဆိုတဲ့ ကတိကဝတ်တွေကိုလည်း စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း တိုင်းရင်းသားအဖွဲ့တွေက အာမခံချက် ပေးထားကြပါတယ်။

စစ်အစိုးရကတော့ တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးလိုလားချက်တွေအပေါ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လွှတ်တော်ကနေတဆင့် တင်ပြပြီး လုပ်ဆောင်နိုင်မယ့်အခြေအနေတွေကို NSPNC ကိုယ်စားလှယ်တွေက ရှင်းလင်းထားကြတာ ဖြစ်ပါတယ်။

အဲဒီလိုနည်းလမ်းတွေနဲ့ စစ်တပ်က ပေးမှသာ ရမယ်ဆိုတဲ့ အခွင့်အရေးမျိုး တချို့ တိုင်းရင်းသားတွေကို မြှူဆွယ်တာဖြစ်သလို ဆွေးနွေးတဲ့ အဖွဲ့တွေကိုလည်း နိုင်ငံရေးအရ ချွေးသိပ်တာလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ဦးဗညားက သံလွင်တိုင်မ်းကို ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဒီလိုမျိုးတွေ ပြင်ဆင်ဖြည့်စွက်ပြီးတော့မှ အုပ်ချုပ်ခွင့်ရ ဒေသတွေ ပြည်နယ်ဖြစ်ထွန်းရေး ကိစ္စရပ်တွေကို လွှတ်တော်မှာလည်း ငါတို့က (စစ်တပ်နဲ့အပေါင်းအပါ ကိုယ်စားလှယ်တွေ) အများဆုံးပဲ။ အဲဒါကြောင့်မို့ ဒီနည်းနဲ့ သွားလို့ရတယ်ဆိုတဲ့ဟာကို သူကလည်း သက်သေပြချင်တာပေါ့။ ဒါကလည်း နိုင်ငံရေးအရဆို ချွေးသိပ်တဲ့အပြင် ဆွဲဆောင်မှုတစ်ရပ်ပေါ့။ သူတို့ရဲ့ ဘက်တော်သား အော်တိုမက်တစ်ဖြစ်အောင် လုပ်တဲ့နည်း တစ်နည်း။ စစ်တပ်က ပေးမှသာလျှင် ရမယ်ဆိုတဲ့ အခွင့်အရေးမျိုးကို တချို့ တိုင်းရင်းသားခေါင်းဆောင်တွေကို မြှူဆွယ်တဲ့ စနစ်တစ်ခုပဲလို့ ကျွန်တော်တို့က အဲဒီလိုမျိုး ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် လက်တွေ့ကျတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဟာ ပိုပြီး အလှမ်းဝေးနေဦးမှာဖြစ်သလို တိုင်းရင်းသားတွေလိုချင်ကြတဲ့ Coming Together ဖက်ဒရယ်ပုံစံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း ‌ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် နယ်မြေခွဲဝေသတ်မှတ်ရေးနဲ့ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်သလို ကန့်သတ်ချက်တွေလည်း အများကြီးရှိနိုင်တယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ (က) အရ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုရဲ့ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ဖို့ အကြောင်းပေါ်လာရင် အဲဒီနယ်နိမိတ်နဲ့ အကျုံးဝင်တဲ့ မြို့နယ်အတွင်း နေထိုင်ကြတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ သဘောထားကို ဦးစွာ ယူရမယ်လို့ ဖော်ပြထားတာပါ။

အဲဒီကနေ ထောက်ခံမဲ ထက်ဝက်ကျော်မရရင် နယ်နိမိတ်ပြင်ဆင်သတ်မှတ်တာကို ဆောင်ရွက်ခြင်း လုံးဝ မပြုလုပ်ရပါဘူး။ ထက်ဝက်ကျော် ထောက်ခံမဲရရင်တော့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒ ရယူရမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်တွေရဲ့ လေးပုံသုံးပုံနဲ့အထက် ထောက်ခံမဲရရှိရင် ပြည်‌ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်ကို ရယူပြီး သမ္မတက တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်နယ်ရဲ့ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ (ဃ) မှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ ရက်စွဲနဲ့ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ နိုင်ငံတော်သမ္မတရုံးကနေ ပြည်ထောင်စုလွှတ်‌တော်နာယကကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်ကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဒီအပေါ် ဥပဒေပြုနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဇူလိုင် ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တတိယကြိမ် ပြည်‌ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်နာယကက ကြေညာခဲ့ပြီး ပုဒ်မ ၄၃၆ (က) ၊ ပုဒ်မ ၄၃၆ (ခ) တို့နဲ့ သက်ဆိုင်တဲ့အချက်တွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေထံ မိတ္တူဖြန့်ဝေထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ ၄၃ ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေ ပါဝင်သလဲဆိုတာ စစ်အစိုးရဘက်က တရားဝင် အသိပေးထားတာမရှိသေးသလို ပြည်ထောင်စုလွှတ်တော်မှာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြတာတွေ မတွေ့ရသေးပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကတော့ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ သမ္မတရာထူးကို ကိုယ်တိုင်ခန့်အပ်ပြီးနောက်ပိုင်း ဒီမိုကရေစီနဲ့ ဒေသအခြေပြု ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်‌ထောင်စုတည်ဆောက်မယ်လို့ မကြာခဏ ပြောဆိုနေတာပါ။

နိုင်ငံတစ်ဝန်းလုံး အမြန်ဆုံးတည်ငြိမ်အေးချမ်းစေဖို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ မဖြစ်နိုင်တာတွေကို တောင်းဆိုနေမယ့်အစား ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဖြစ်သင့် ဖြစ်နိုင်တာတွေကိုသာ ညှိနှိုင်းတောင်းဆိုကြဖို့ လိုအပ်ကြောင်း သူက ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ ထုတ်ပြောခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်အုပ်စုအနေနဲ့ တွေ့ဆုံဆွေးနွေးကြတဲ့ အဖွဲ့တွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားပြီး ရေရှည်အချိန်ဆွဲ ညှိနှိုင်းနေသလို တစ်ဘက်မှာ မဆွေးနွေးတဲ့ အဖွဲ့တွေကိုတော့ တိုက်ခိုက်ချေမှုန်းတဲ့ ပုံစံမျိုးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်နယ်တောင်းတာပဲ ဖြစ်ဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းတာပဲဖြစ်စေ ဒီတိုင်းရင်းသားအဖွဲ့တွေကို စစ်အုပ်စုအနေနဲ့ ကြိုးရှည်ရှည်နဲ့ လှန်ထားပြီးတဲ့ ပုံစံနဲ့ ရေရှည်အချိန်ဆွဲပြီးတော့ ညှိနှိုင်းဆွေးနွေးပြီး တစ်ဘက်မှာ သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ စစ်အုပ်စုနဲ့ ငြိမ်းချမ်းရေးမဆွေးနွေးဘူးဆိုတဲ့ တော်လှန်ရေးအင်အားစုတွေကိုတော့ အမြစ်ပြတ်ချေမှုန်းမယ့် ပုံစံမျိုး တစ်ဘက်မှာလည်း ပြင်းပြင်းထန်ထန် လေကြောင်းဗုံးကြဲတာတွေ ကျင့်သုံးနေတယ်။ ဒါမျိုးလုပ်မယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက်တော့ ထူးခြားတဲ့ အပြောင်းအလဲဖြစ်လာမှာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်ဗျ”လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၃ ချက်ကလည်း စစ်အစိုးရနဲ့ စစ်အာဏာရှင်စနစ်ရဲ့ အာဏာစည်းဝိုင်းကို မထိခိုက်စေတဲ့ နိုင်ငံရေးအခွင့်အလမ်းကိုသာ ခွင့်ပြုထားပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းမယ့် ပုဒ်မတွေ ပါဝင်မှာ မဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။

စစ်တပ်အသွင်ပြောင်းအစိုးရအနေနဲ့ ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွင်း တိုက်ပွဲမဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ ပထမကြိမ် တွေ့ဆုံဆွေးနွေးထားကြပြီး လက်ရှိမှာလည်း ဒုတိယကြိမ်အနေနဲ့ ဆက်လက်ဆွေးနွေးနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.