ရေးဘီလူးစခန်းလို့ ယူဆခံရတဲ့ နေရာ သုံးခုကို စစ်တပ် ဗုံးကြဲ

ရေး၊ ဩဂုတ် ၁၂

မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေစိုက် လှုပ်ရှားတဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ စခန်းလို့ ယူဆခံရတဲ့ နေရာ သုံးခုကို အာဏာသိမ်း စစ်တပ် လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲသွားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ သြဂုတ် ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ် နှစ်စီးဟာ ရေးဘီလူးစခန်းလို့ ယူဆခံရတဲ့ ရေးမြို့နယ်မြောက်ပိုင်းရှိ လိပ်ပုတ်၊ နတ်ကြီးနဲ့ ချောထာကျေးရွာတို့ကို လေယာဉ်နဲ့ ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားပါတယ်။

ဒီဗုံးကြဲမှုနဲ့ ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်က စစ်တပ်ကို ရည်ညွှန်းပြီး မင်းတို့ အတွက်ချက်နဲ့ ဘီလူးတွေက အဲလောက် မညံ့ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တုံ့ပြန်ရေးသားထားပါတယ်။

ရေးဘီလူးအဖွဲ့က ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံတွေအရ ဗုံးကြဲခံရတဲ့ နေရာတွေရဲ့ ၁၀ ပေပတ်လည်မှာ အနက် ၃ ပေလောက်ရှိတဲ့ ကျင်းတွေ ဖြစ်ပေါ်နေပြီး ဒီဗုံးကြဲမှုဟာ ပေါင် ၅၀၀ တွေလို့ ဆိုထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ အခုနှစ်အတွင်း ရေးဘီလူးစခန်းကို နှစ်ကြိမ်ထက်မနည်း ဗုံးကြဲထားပြီး မေ ၂၇ ရက်နေ့ ဗုံးကြဲမှုမှာတော့ ရေးဘီလူး တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ရေးဘီလူးအဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ Comment ဝင်ရောက်ရေးသားသူတွေကို စောင့်ကြည့်ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.