မော်လမြိုင်၊ သြဂုတ် ၁၃

မွန်ပြည်နယ်မှာ စစ်မှုထမ်း ၂ နှစ်ပြီးမြောက်သွားတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၄ က စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေထဲမှာ တပ်သား ၃၁ ဦးသာ အိမ်ပြန်နိုင်ခဲ့ပါတယ်။

စစ်မှုထမ်း သက်တမ်း ၂ နှစ်ပြည့်မြောက်သွားတဲ့ စစ်မှုထမ်း တပ်သားတွေကို သြဂုတ် ၁၂ ရက်နေ့က မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တာပါ။

အဲဒီအခမ်းအနားမှာ စစ်မှုထမ်း အပတ်စဉ် ၄ က စစ်မှုထမ်းတပ်သား ၃၁ ဦးကို ပြည်သူ့စစ်မှုထမ်း ထမ်းဆောင်ပြီးကြောင်း လက်မှတ်(ပုံစံ-၁၂)နဲ့ ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်က စစ်မှုထမ်း အပတ်စဉ် ၄ မှာ စစ်မှုထမ်း တပ်သား စုဆောင်းခံရသူ ၁၂၅ ဦး ရှိပြီးအဲဒီထဲမှာ ၃၁ ဦးသာ အိမ်ပြန်နိုင်ခဲ့တာကြောင့် တပ်သား ၉၄ ဦးဟာ တိုက်ပွဲအတွင်း သေဆုံးသွားတာ ဖြစ်နိုင်ပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၄ က သင်တန်းဆင်း တပ်သားတွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် စစ်ဆင်ရေးတွေမှာ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ စစ်ရေး လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၄ အထိ စစ်မှုထမ်း ၂ နှစ်ပြီးမြောက်သွားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား အများစုဟာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေကြောင့် အိမ်ပြန်နိုင်သူ ရာခိုင်နှုန်းအနည်းငယ်သာ ရှိနေပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်အုပ်စုဟာ မွန်ပြည်နယ်မှာ စစ်မှုထမ်း သင်တန်းတွေကို လစဉ် ဖွင့်လှစ်နေပြီး သြဂုတ် ၃ ရက်နေ့ကလည်း စစ်မှုထမ်း အပတ်စဉ် ၂၇ သင်တန်း ဖွင့်လှစ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.