မော်လမြိုင် ၊ ဩဂုတ် ၁၃
မွန်ပြည်နယ်မှာ ဥပဒေအရ ရွေးချယ်ရမယ့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အများစုကို ပြန်မရွေးတော့ဘူးလို့ စစ်တပ် အသွင်းပြောင်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ထုတ်ပြောလာပါတယ်။
ဩဂုတ် ၁၂ ရက်နေ့က ကျင်းပပြုလုပ်တဲ့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပေါင်မြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နိုင်စံတင်ရဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာပါ။
ဗိုလ်မှူးကြီး ကျော်စွာမြင့်က အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ လုံခြုံရေးအခြေအနေ ကောင်းမွန်တဲ့ ရပ်ကွက်ကျေးရွာတွေမှာသာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေနဲ့အညီ စိစစ်ရွေးချယ်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် ကနေ ၂၀၂၆ ခုနှစ်အတွင်း တာဝန် ထမ်းဆောင် ခဲ့တဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနက် ဆက်လက် တာဝန်ပေးအပ်သင့်တဲ့ အုပ်ချုပ်ရေးမှူ တွေကို စိစစ်ပြီး ဆက်လက် တာဝန်ပေးသွားမယ်လို့ ဆိုပါတယ်။
နုတ်ထွက်ခွင့် တင်ပြသူတွေ၊ တာဝန်မှ ရပ်စဲခံရသူတွေ၊ သေဆုံးသူတွေ၊ သမ္မတ သက်တမ်း နှစ်ကြိမ် ဆက်တိုက် ဖြစ်သူတွေ၊ အသက်အရွယ် ကြီးရင့်ပြီး ကျန်းမာရေး မကောင်းသူတွေနဲ့ လုပ်ငန်း ဆောင်ရွက်မှု အားနည်းသူတွေကိုသာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေအရ အသစ် ပြန်လည်ရွေးချယ်သွားမယ်လို့ ဆိုလာပါတယ်။
ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ရပ်ကျေး ဥပဒေအတိုင်း လုပ်ဆောင် ခဲ့တာကြောင့် အဆင်ပြေခဲ့ပေမယ့် လက်ရှိ သမ္မတကအစ ဥပဒေနဲ့ အညီ ဖြစ်လာတာ မဟုတ်တဲ့အတွက် ရပ်ကျေး ဥပဒေနဲ့ အညီ လုပ်မှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။
“ရပ်ကျေး ဥပဒေကတော့ ဥပဒေအတိုင်း NLD လက်ထက်မှာ သီးခြား လုပ်ခဲ့တဲ့အခါမှာ ပြည်သူတွေ တော်တော် အဆင်ပြေကြတယ်ပေါ့ဗျာ။နောက် သန်းရွှေတို့ ခင်ညွှန့်တို့ လက်ထက်က အပြင်ထန်ဆုံး နှိပ်ကွပ်ခဲ့တဲ့ ရပ်ကျေး ဥပဒေ သူတို့ ကိုယ်တိုင် ခံစားခဲ့ရတာကို NLD ခေါင်းဆောင်တွေက သေချာ ပြန်ပြည်သူနဲ့ ထိတွေ့အောင် လုပ်တယ်။ အဲလူတွေကို ပြည်သူနဲ့ ရွေးကောက်ခံအောင် လုပ်ခဲ့တယ်။ အဲဒီ (မင်းအောင်လှိုင်)သမ္မတ ဆိုတဲ့သူက ဥပဒေနဲ့ အညီ သမ္မတ ဖြစ်လာတာ မဟုတ်ဘူးလေ။ထိပ်ကနေ စပြီးတော့ ဥပဒေနဲ့ မညီဘူးပေါ့ဗျာ၊ သူတောင်မှပဲ ဒီလိုလုပ်ပြီး သမ္မတ လုပ်နေ သေးတာပဲ။ ရပ်ကျေး ဥစ္စာက ဥပဒေနဲ့အညီ လုပ်မှာလဲ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ အစိုးရအသစ်အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အများပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည်ရွေးကောက်တင်မြှောက် ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပြန်လည် ပြင်ဆင်ခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ရာထူး သက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာတော့ ရပ်ကွက်ကျေးရွာအုပ်စု ၄၆၈ အုပ်စု ၊ ကျေးရွာ ၁၁၄၇ ရွာ ရှိပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ အုပ်ချုပ်ရေးမှူး နေရာ ၁၀၀ လောက်သာ ပြန်လည်ရွေးချယ်ဖို့ စီစဉ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

