နေပြည်တော် ၊ ဩဂုတ် ၁၃

စစ်ရေး၊ နိုင်ငံရေး အရပ်ရပ်မှာ ရှုံးနိမ့်အသက်ငင်နေပြီဖြစ်တဲ့ စစ်အုပ်စုက သူတို့ရဲ့ အာဏာသက်တမ်းကို ဆွဲဆန့်နိုင်ရေး တော်လှန်ရေးအင်အားစုတွေအကြား သွေးကွဲစေဖို့ နိုင်ငံရေးလှည့်ကွက်တွေနဲ့ ပရိယာယ်မျိုးစုံ အသုံးပြုလာတာကို တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးပါတယ်။

ဒါ့အပြင် စစ်အုပ်စုက အပြစ်မဲ့ပြည်သူလူထုအပေါ် မှာလည်း လူမဆန်စွာ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ပေးပို့တဲ့ NUG ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ပြည်သူလူထုတရပ်လုံးအနေနဲ့ ရန်သူရဲ့ လှည့်ကွက်မှန်သမျှကို ခိုင်မာတဲ့ နိုင်ငံရေးသတိ၊ တော်လှန်ရေးအသိတို့နဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားပြီး စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ကာ အဆုံးသတ် တိုက်ပွဲဆီ ဟန်ချက်ညီညီ ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းထားတာပါ။

နှစ်ပေါင်း ၇၀ ကျော် တော်လှန်ရေးခရီးကြမ်းကနေ မျက်မှောက်ခေတ် နွေဦးတော်လှန်ရေးကာလအထိ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့တဲ့ လမ်းညွှန်မူ ၄ ချက်ကို မဆုတ်မနစ် ကိုင်စွဲပြီး တော်လှန်ရေးမှာ ပါဝင်နေတဲ့ KNU/KNLA ကိုလည်း NUG က လေးစားဂုဏ်ယူတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားတော်လှန်ရေးအတွက်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဘုံရည်မှန်းချက်အတွက် ဆယ်စုနှစ်များစွာတိုင် ရှေ့တန်းကနေ ဦးဆောင်နေတဲ့ KNU/KNLA ရဲ့ ရပ်တည်ချက်နဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို မှတ်တမ်းတင် အသိပေးထားတာပါ။

လက်ရှိအချိန်မှာ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ရဲ့ စုပေါင်းခေါင်းဆောင်မှုအောက်မှာ နွေဦးတော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုမိုအားကောင်းလာခဲ့ပြီး အမြင့်မားဆုံး စည်းလုံးညီညွတ်မှု အခြေအနေကို ရောက်ရှိနေပြီလို့ NUG က ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ One Policy, One Strategy ကို ကျင့်သုံးကာ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ သံတမန်ရေးရာ မျက်နှာစာပေါင်းစုံမှာ ဟန်ချက်ညီ ဖော်ဆောင်နေမှုဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ကြီးမားတဲ့ တွန်းအားတစ်ရပ် ဖြစ်လာနေပြီလို့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။

NUG အနေနဲ့ ကရင်အာဇာနည် ခေါင်းဆောင်ကြီးတွေ မျှော်ရည်ခဲ့တဲ့ နိုင်ငံရေးလမ်းစဉ်တွေကို အပြည့်အဝ နားလည်လေးစားကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တိုင်းရင်းသားညီနောင်တွေ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ လက်တွဲပြီး အဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.