ဝါရှင်တန်၊ သြဂုတ် ၁၂
၂၀၂၅ ခုနှစ်အတွင်း အမေရိကန် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် အရပ်သား ၁၅၃ ဦး သေဆုံးပြီး ၂၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ လေ့လာမှုတွေကို ကိုးကားပြီး အရာရှိ တစ်ဦးက သြဂုတ် ၁၂ ရက်မှာ ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အမေရိကန် စစ်တပ် စစ်ဆင်ရေးတွေကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၂ ဦး ရှိကြောင်း ပင်တဂွန်ရဲ့ လေ့လာမှုနဲ့ နှိုင်းယှဉ်ကြည့်ရင် အများကြီး ပိုလာတဲ့ အရေအတွက် ဖြစ်ပါတယ်။
အမေရိကန် လွှတ်တော်သို့ တင်ပြပြီး အများသိ ဝေမျှထားသလို အမေရိကန် မီဒီယာတွေကလည်း ဖော်ပြထားတဲ့ ပင်တဂွန်ရဲ့ အစီရင်ခံစာမှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှု အားလုံးဟာ ယီမင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယီမင်နိုင်ငံမှာ ၂၀၂၅ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှု ၃ ခုကို အမေရိကန် ဗဟို ကွပ်ကဲရေးဌာနက လေ့လာရာမှာ အရပ်သား အန္တရာယ်ရှိမှု ဖြစ်နိုင်တယ်ဆိုတာ တွေ့ရကြောင်း ပင်တာဂွန်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ယီမင်နိုင်ငံမှာ တခြား ဖြစ်ရပ် ၁၅ ခုရှိခဲ့ပြီး အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ရရှိထားတဲ့ အစီရင်ခံစာတွေကို တုံ့ပြန်ရေး လောလောဆယ် လေ့လာနေဆဲ ဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။
ယီမင်နိုင်ငံရှိ အီရန် အစိုးရ ထောက်ပံ့ပေးထားတဲ့ ဟူသီ အဖွဲ့ရဲ့ စွမ်းပကား အဆင့်လျော့ကျသွားစေရေး ရည်ရွယ်ပြီး စစ်ဆင်ရေးတွေ ပြုလုပ်နေတာလို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
ဒါပေမဲ့ ပင်တဂွန်ရဲ့ အစီရင်ခံစာမှာ ကာရေဘီယံပင်လယ်နဲ့ အရှေ့ပစိဖိတ်မှာ အမေရိကန် ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှု စာရင်း တစ်ခုမှ ပါမလာခဲ့ပါဘူး။
သမ္မတ ဒေါ်နယ် ထရန့် အစိုးရက မူးယစ်ဆေး သယ်ဆောင်လာတယ်လို့ စွပ်စွဲထားတဲ့ သင်္ဘောတွေကို စစ်တပ်က တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အဲဒီလို သင်္ဘောတွေကို အမေရိကန် စစ်တပ်က တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်စက်တင်ဘာလ နောက်ပိုင်း လူ ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
အလားတူ တိုက်ခိုက်မှုတွေဟာ ဥပဒေနဲ့ မညီတဲ့ ဥပဒေ ပြင်ပ သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တို့က မှတ်ယူထားပါတယ်။
Ref:Reuters

