အရှေ့တောင်အာရှဟာ ဦးစားပေးအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန် ပြော

ကွာလာလမ်ပူ၊ သြဂုတ် ၁၂

သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန်ကောက်ခံမှတွေကြောင့် ဒေသတွင်း စိုးရိမ်မှုတွေ ရှိနေပေမယ့် အရှေ့တောင်အာရှဟာ အမေရိကန်အတွက် ရှင်းလင်းတဲ့ ဦးစားပေး ဒေသအဖြစ် ဆက်ရှိနေတယ်လို့ အာဆီယံဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

ထရန့် အစိုးရက အရှေ့တောင်အာရှနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ရည်ရွယ်ထားပြီး ခိုင်မာတဲ့ လမ်းညွှန်ချက် ပေးထားတယ်လို့ အာဆီယံဆိုင်ရာ ဝါရှင်တန် ကိုယ်စားလှယ် ကယ်ဗင် ကင်မ်က CNA သတင်းဌာနသို့ ပြောဆိုလာတာပါ။

နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့ စစ်ဆင်ရေးများဆိုင်ရာ ညီလာခံ တက်ရောက်ဖို့ ကွာလာလမ်ပူသို့ ရောက်ရှိခဲ့တဲ့ ကိုယ်စားလှယ် ကင်မ်က ပြီးခဲ့တဲ့ သီတင်းပတ် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေအတွက် အမေရိကန်ရဲ့ ဖြေရှင်းချက်တွေ ပေးအပ်ဖို့ ရည်ရွယ်ပြီး မိမိတို့ အဓိက လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်ရေး မူဝါဒတွေနဲ့ ပတ်သက်လို့ မရေရာ မသေချာတဲ့ အခြေအနေမှာ အရှေ့တောင်အာရှ စီးပွားရေးနိုင်ငံတွေ သတိထား လျှောက်လှမ်းနေရချိန် သူ့ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မကြာသေးခင်က အခွန်ဆိုင်ရာ ညှိနှိုင်းမှုတွေကြောင့် အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေးကို အားလျော့စေနိုင်သလားလို့ မေးမြန်းရာမှာ ကင်မ်က သမ္မတအနေနဲ့ မျှတတဲ့ အပြန်အလှန် သတ်မှတ်တွေ အလိုရှိနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်က အရှေ့တောင် အာရှမှာ ဒေါ်လာ ဘီလီယံ ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းထက် ပိုများတယ်လို့ ကင်မ်က ဆိုပါတယ်။

ဒေသတဝှမ်း ဖွင့်လှစ်ထားတဲ့ အမေရိကန် ကုမ္ပဏီ စုစုပေါင်း ၆၀၀၀ ကျော် ရှိကြောင်းလည်း သိရပါတယ်။

အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အရှေ့တောင်အာရှကို အကျိုးအမြတ် ရစေပြီး အလုပ်အကိုင်တွေ ဖန်တီးပေးသလို သူတို့ရဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေ အမျိုးအစား များလာစေတယ်လို့ ကင်မ်က ပြောပါတယ်။

ပြီးခဲ့တဲ့လက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ မနီလာမြို့သို့ ရောက်ရှိလာချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အရှေ့တောင် အာရှမှာ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ် တစ်ရပ် ကြေညာထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.