ဆီးရီးယားသမ္မတဟောင်း အာဆတ် မျက်ကွယ်သေဒဏ် ချမှတ်ခံရ

FILE PHOTO: Syria's President Bashar al-Assad speaks during an interview with Australia's SBS News channel in this handout picture provided by SANA on July 1, 2016. SANA/Handout via REUTERS/File Photo

ဒမတ်စကတ်၊ သြဂုတ် ၁၂

ဖြုတ်ချခံထားရတဲ့ ခေါင်းဆောင် ဘာရှား အယ်လ်အာဆတ်ကို ဆီးရီးယား တရားရုံးတစ်ရုံးက သူ့မျက်ကွယ်မှာ အမှု စစ်ဆေးပြီး သြဂုတ် ၁၁ ရက်မှာ သေဒတ်ချမှတ်လိုက်ပါတယ်။

သူဟာ ဆီးရီးယားရဲ့ ၁၄ နှစ် နီးပါးကြာတဲ့ စစ်ပွဲအတွင်း လူသတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ မတရား ဖမ်းဆီးမှုတွေ အပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်လာလက လက်နက်ကိုင်တွေရဲ့ ထိုးစစ်ဆင်မှုအတွင်း ဖြုတ်ချခံခဲ့ရတဲ့ အာဆတ်အပေါ် ဆီးရီးယားက အခုလို ပြစ်ဒဏ်ချမှတ်မှုဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဆီးရီးယားကို သူ့ရဲ့ မိသားစုက ဆယ်စုနှစ်များစွာကြာတဲ့အထိ တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ဆိုးရွားတဲ့ စစ်ပွဲအတွင်း ဆီးရီးယား နိုင်ငံသား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

ဒမတ်စကတ်မြို့ရှိ တရားရုံးက အခုလိုမျိုး သေဒဏ်ချမှတ်လိုက်ချိန် ဆီးရီးယား နိုင်ငံသားတွေ ပျော်ရွှင်စွာ အောင်ပွဲ ခံခဲ့ကြပါတယ်။

သြဂုတ် ၁၁ ရက်မှာ အစိုးရ အရာရှိဟောင်းတွေကို တရားရုံးက စစ်ဆေးမှု ပြုလုပ်ရာမှာ သမ္မတဟောင်း အာဆတ်ကို သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အာဆတ်ဟာ ကြိုတင်စီစဉ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

သူ့ရဲ့ညီဖြစ်သူ မာဟာကိုလည်း တရားရုံးက မျက်ကွယ် သေဒဏ် ချမှတ်ခဲ့ ပါတယ်။

မာဟာဟာ အာဆတ် ချမ်းသာ ကြွယ်ဝလာစေဖို့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ ရောင်းဝယ်မှုတွေကို ဦးဆောင်သူ ဖြစ်တယ်လို့ စွပ်စွဲခံခဲ့ရပြီး အာဆတ်ကိုယ်စား ဆီးရီးယား နယ်မြေတွေကို ပြန်လည် သိမ်းယူမှု၊ ဆန္ဒပြပွဲတွေကို နှိမ်နှင်းမှုတို့ အတွက် တာဝန်ရှိသူ ဖြစ်ပါတယ်။

အာဆတ်ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံး ဆန္ဒပြပွဲတွေ ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားရာ တောင်ပိုင်း ပြည်နယ် ဒီရာအာရှိ အာဆတ်ခေတ် လုံခြုံရေး အရာရှိ အတပ်ဖ် နာဂျစ်ကိုလည်း တရားရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။

အာဆတ်ရဲ့ ညီဝမ်းကွဲတော်သူ နာဂျစ်ကို ၂၀၂၅ နှစ်ဆန်းပိုင်းက ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေက လက်ရ ဖမ်းဆီးနိုင်ခဲ့တာကြောင့် သူ့တစ်ယောက်လည်းကိုပဲ လူကိုယ်တိုင် ရုံးတင် စစ်ဆေးနိုင်ခဲ့ပါတယ်။

ဒီရာအာပြည်နယ်မှာ စစ်ပွဲအတွင်းက ဖမ်းဆီးခံခဲ့ရသူတွေ၊ သတ်ဖြတ်ခံခဲ့ရသူတွေရဲ့ ဓာတ်ပုံတွေ ကိုင်ဆောင်ပြီး လူအုပ်ကြီးက အောင်ပွဲခံခဲ့ကြပါတယ်။

သြဂုတ် ၁၁ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ တရားသူကြီး နိုဟာ အယ်လ် မာဆရီဟာ ၂၀၁၁ ခုနှစ်က ဒီရာအာပြည်နယ်မှာ နှိမ်နှင်းမှု တစ်ခုအတွင်း သူ့ရဲ့ မောင်ဖြစ်သူကို ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

လေးလ နီးပါးကြာ တရားရုံး လုပ်ငန်းစဉ်တွေအပြီး အခုလို ပြစ်ဒဏ်ချမှတ်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၁၉၆၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အာဆတ်ဟာ သူ့ဖခင် ဟာဖက်ဇ် ကွယ်လွန်သွားပြီးနောက် ၂၀၀၀ ပြည့်နှစ်မှာ သမ္မတ ဖြစ်လာခဲ့သူပါ။

ဆွန်နီ မွတ်စလင် အများစုနေထိုင်တဲ့ နိုင်ငံမှာ အာဆတ်က သူတို့ရဲ့ အလာဝိုက် လူမျိုးစုရဲ့ ကြီးစိုးမှုနဲ့ သူ့မိသားစုရဲ့ အုပ်ချုပ်မှုကို ဆက်လက် ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ရုရှား၊ အီရန်တို့နဲ့ မဟာမိတ်ဖြစ်မှုကိုလည်း သူက ဆက်လက် ထိန်းသိမ်းခဲ့ပြီး အစ္စရေးနဲ့ အမေရိကန်အပေါ် ရန်လိုခဲ့ပါတယ်။

ဓာတုလက်နက် အသုံးပြုမှုကြောင့် သူ့ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ၂၀၁၈ ခုနှစ်အတွင်း တိရစ္ဆာန်လို့ ခေါ်ဝေါ်ခဲ့ဖူးပါတယ်။

အာဆတ်ဟာ နိုင်ငံခြား ခေါင်းဆောင်တွေ အများကြီးထက် ရာထူး သက်တမ်း ပိုရှည်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်မှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ သီတင်းနှစ်ပတ်တောင် မပြည့်တဲ့ ထိုးစစ်အတွင်း နိုင်ငံတွင်းကနေ ထွက်ပြေးခဲ့ရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.