ကျောင်းတွင်း ပစ်ခတ်မှုဖြစ်ပြီးနောက် ထိုင်း ဝန်ကြီးချုပ်က သေနတ် လိုင်စင် ဆိုင်းငံ့

နွမ်သာဘူရီ၊ သြဂုတ် ၁၂

ပြီးခဲ့တဲ့ သီတင်းပတ်က စာသင်ကျောင်းမှာ ဆယ်ကျော်သက် တစ်ဦးရဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် သေနတ် လိုင်စင်တွေကို ဆိုင်းငံ့လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ်က သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

သေနတ်သမား လူငယ်နဲ့ သူပစ်သတ်ခဲ့တဲ့ သူ့ရဲ့ အဘိုးအဘွားတို့ရဲ့ အလောင်းတွေကို မီးသင်္ဂြိုဟ်နေပြီ ဖြစ်ပါတယ်။

သေနတ် ပိုင်ဆိုင်ခွင့် ဝယ်ယူခွင့်နဲ့ သယ်ဆောင်ခွင့်လိုင်စင်တွေ ထုတ်ပေးမှု ရပ်ဆိုင်းရေး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောပါတယ်။

သြဂုတ် ၇ ရက်မှာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေး တစ်ဦးက ဘန်ကောက်မြို့ မြောက်ဖက်ရှိ နွန်ထဘူရီဒေသက သူတို့ရဲ့ နေအိမ်မှာ သူ့ကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ အဘိုးနဲ့ အဘွားကို ပစ်သတ်ခဲ့ပါတယ်။

အဲဒီနောက် သူ့ရဲ့ ကျောင်းသို့ သွားရောက်ပြီး တခြား လူ ၆ ဦးကို ပစ်သတ်ပြီး သူ့ကိုယ်သူ ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ယောက်ျားလေးက နောက်ပိုင်း စာသင်ကျောင်းသို့ သွားရောက် ပစ်ခတ်ခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်တွေအတွက် အဘိုးနဲ့ အဘွားတာဝန်မခံအောင် အရင်ဦးဆုံး ပစ်သတ်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ သေဆုံးသူတွေရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

အဲဒီ ပစ်ခတ် တိုက်ခိုက်မှု အကြောင်းအရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးသူတွေ ကြိုးပမ်းနေဆဲ ဖြစ်ပေမယ့် အဲဒီ ယောက်ျားလေးဟာ အွန်လိုင်းပေါ်မှာ အကြမ်းဖက် တိုက်ခိုက်တဲ့ ဗီဒီယိုတွေ ကြည့်ရှုပြီးနောက် ကျောင်းသို့ ခဲသီးသေနတ် ယူသွားခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သြဂုတ် ၉ ရက်မှာ ပြောထားပါတယ်။

သူဟာ ကျောင်းနဲ့ ဆက်စပ်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ပြီး သူ့ကို အနိုင်ကျင့်တဲ့ အတန်းဖော် တစ်ယောက် ရှိတယ်လို့ အရာရှိတွေက အရင်က ပြောကြားခဲ့ပါတယ်။

သေနတ်သမားဟာ ကျောင်းသို့သွားပြီး မတိုက်ခိုက်ခင် သူ့အဘိုးရဲ့ သေနတ်ကို သုံးပြီး အဘိုးနဲ့ အဘွားကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
‘
ကျောင်းမှာ သူက ဆရာ၊ဆရာမတွေနဲ့ ဝန်ထမ်း ၅ ဦးကို အသေပစ်သတ်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ဦးကတော့ သြဂုတ် ၈ ရက်က ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဟာ ဒေသတွင်းမှာ သေနတ်ပိုင်ဆိုင်မှု အမြင့်မားဆုံးနှုန်းရှိတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပြီး သေနတ်ဥပဒေကို တင်းကြပ်မယ်လို့ အရင်က ကတိစကားတွေ ရှိခဲ့ပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နွန်ထဘူရီဒေသ စပါးစိုက်ခင်းတွေအနီးရှိ သေနတ်သမားနဲ့ အဘိုးအဘွားတို့ နေထိုင်တဲ့ နှစ်ထပ် အိမ်မှာ သူက သြဂုတ် ၇ ရက် အရုဏ်တက်ချိန်ကတည်းက အဘိုးနဲ့ အဘွားကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးကို မြေးဖြစ်သူက ဦးခေါင်းတွေကို ကျည်တစ်ချက်တည်းစီနဲ့ ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နေ့လယ်ခင်းမှာ သူက စာသင်ကျောင်းအတွင်း ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သေဆုံးသူတွေအပြင် ဒဏ်ရာရသူ ၂၃ ဦးအထိ ရှိခဲ့ပါတယ်။

စာသင်ကျောင်းသို့ သူက သေနတ်နဲ့ ကျည်ဆံ ဒါဇင်ပေါင်းများစွာ ယူဆောင်လာခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါဟာ ၂၀၂၂ ခုနှစ် နောက်ပိုင်း ထိုင်းမှာ ဖြစ်ပွားတဲ့ အဆိုးရွားဆုံး အစုလိုက် အပြုံလိုက် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပါတယ်။

သေနတ်သမားရဲ့ မိဘတွေ ဘယ်ကိုရောက်နေသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.