ကျိုက်မရော ၊ ဩဂုတ် ၁၂
နှစ်ဖက်တိုက်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွကျေးရွာ ပြန်လည် ထူထောင်ရေး လုပ်ဖို့ လုံခြုံရေး မကောင်းသေးဘူးလို့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ပြောပါတယ်။
ဩဂုတ် ၁၁ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ရေးမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မင်းအောင်မြင့်ရဲ့ ချောင်းနှစ်ခွကျေးရွာ ပြန်လည် ထူထောင်ရေး လုပ်ငန်း လုပ်ဆောင်းပေးဖို့ အစီအစဉ် ရှိမရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာပါ။
ဗိုလ်မှူးကြီး ကျော်စွာမြင့်က ချောင်းနှစ်ခွကျေးရွာအုပ်စုကို စစ်တပ်က ပြန်လည် ထိန်းချုပ်လာနိုင်ပြီး ဖြစ်ပေမယ့် လုံခြုံရေး အခြေအနေမှာ ၁၀၀ ရာခိုင်နှုန်း စိတ်ချရတဲ့ အခြေအနေမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
လက်ရှိမှာ ချောင်းနှစ်ခွကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှား သွားလာနေတဲ့ ကျေးရွာ တစ်ရွာ ဖြစ်နေတဲ့ အပြင် စစ်ဆင်ရေး အချိန်ကာလ ဖြစ်နေတာကြောင့် လတ်တလော အခြေအနေအရ လုံခြုံရေး ကောင်းမွန်မှု မရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ချောင်းနှစ်ခွကျေးရွာ ပြန်လည် ထူးထောင်နိုင်ရေးအတွက် အဓိကထား ဆောင်ရွက်ရမယ့် လုပ်ငန်းဟာ လမ်းပန်း ဆက်သွယ်ရေးဖြစ်တဲ့ ချောင်းနှစ်ခွတံတားကို ပြန်လည် တည်ဆောက်ပြီးမှသာ ကျန်လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်မယ်လို့ ဗိုလ်မှူးကြီး ကျော်စွာမြင့်က ပြန်လည်ဖြေကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာ ၂၉ ရက်နေ့အထိ ရက်ပေါင်း ၅၀ ကျော်အကြာ ဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲကြောင့် ဒေသခံ နေအိမ် ၇၀၀ နီးပါး ပျက်စီးခဲ့ပြီး လူဦး သောင်းနဲ့ချီ စစ်ရှောင်ခဲ့ရပါတယ်။
တိုက်ပွဲပြီးနောက် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေက တန်းဖိုရှိ ပစ္စည်း အများအပြားကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖြတ်ယူ ရောင်းစားမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတဲ့ ချောင်းနှစ်ခွကျေးရွာမှာ လူဦးရေ သုံးပုံတစ်ပုံလောက်သာ ပြန်လည်နေထိုင်နေပြီး အများစုကတော့ မော်လမြိုင်၊ကျိုက်မရောနဲ့ မုဒုံမြို့နယ်တို့ရှိ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ ဆက်လက်နေထိုင်နေရပါတယ်။
ချောင်းနှစ်ခွ ဒေသခံတွေရဲ့ ပြောပြချက်အရ သူတို့ရွာဟာ နှစ်ဖက်တိုက်ပွဲကြောင့် ရွာပျက်ကြီး တစ်ခုလို ဖြစ်ပြီး ဒေသခံ အများစုကလည်း တိုက်ပွဲလက်ကျန် မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

