ကျောက်ကြီး၊ ဩဂုတ် ၁၂

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ အရှေ့တန်းရောက်ရှိနေတဲ့ ခလရ ၆၀ နဲ့ ခမရ ၅၉၆ က တပ်သား လေးဦး လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ တပ်သားတွေဟာ ခလရ ၆၀ က တပ်သား မျိုးမင်းဦး၊ ခမရ ၅၉၆ က တပ်သားမိုးအေး၊ တပ်သားမင်းခန့်၊ တပ်သား ရဲမင်းအောင်တို့ ဖြစ်ပါတယ်။

သူတို့ လေးဦးဟာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်းထံ သြဂုတ် ၆ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ လက်နက်ချ အလင်းဝင်ခဲ့တာပါ။

လက်နက်ချ အလင်းဝင်လာသူတွေအနက် တပ်သား မျိုးမင်းဦးက M4 သေနတ် တစ်လက်၊ ၄၀ မမကျည် ၁၁ လုံး၊ ကျည်ဘောက် ၃ ခု၊ ၅.၅၆ ကျည် ၃၀၃ တောင့်တို့ကို ယူဆောင်လာတယ်လို့ သိရပါတယ်။

ခလရ ၆၀ လို့ခေါ်တဲ့ အမှတ် ၆၀ ခြေလျင်တပ်ရင်းဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ အခြေစိုက်ပြီး အမှတ် ၅၉၆ မြေမြန်တပ်ရင်းက တနင်္သာရီတိုင်း ခမောက်ကြီးမြို့နယ်ခွဲမှာ အခြေစိုက်တဲ့ တပ်ရင်း ဖြစ်ပါတယ်။

KNU ကျောက်ကြီးမြို့နယ်မှာ အခုနှစ်အတွင်း ရှေ့တန်းရောက်ရှိလာတဲ့ အာဏာသိမ်း စစ်တပ်က တပ်သား ၄၀ ထက်မနည်း လက်နက်ချ အလင်းဝင်ရောက်ထားတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.