သံတွဲ၊ ဩဂုတ် ၁၁
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးနဲ့အထက် သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်မှာ ကျောက်ကြီးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် နာရီဝက်နီးပါး အကြာ လှည့်ပတ်ကာ ဖျက်အားပြင်း ပေါင် ၃၀၀ ဗုံး သုံးလုံး ကြဲချ တိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်းအနီးပတ်ဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁၀ ဦး ထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့အပြင် နောက်ထပ် ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဆိုထားပါတယ်။
အဆိုပါ ဗုံးကြဲမှုအတွင်း အခြား အပြစ်မဲ့အရပ်သား ပြည်သူနှစ်ဦးမှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံ ၂၀ ခန့် လုံးဝ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မိဘပြည်သူတွေအနေဖြင့် စစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်း အန္တရာယ်ကို အရင်ကထက် ပိုမိုဂရုစိုက်ကြဖို့ ထပ်မံအသိပေးတိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကလည်း သံတွဲမြို့နယ် ငပလီမြို့ ဂျီတ္တော ၉ ရပ်ကွက်ကို စစ်တပ်မှ လေကြောင်းကနေ တိုက်လေယာဉ်အုပ်စုဖြင့် ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

