ဝါရှင်တန်၊ ဇူလိုင် ၈

ဟောမု့ဇ် ရေလက်ကြားမှာ ရေနံတင် သင်္ဘော ၃ စီး တိုက်ခိုက်ခံရမှုအတွက် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က အီရန်ကို အင်အားပြင်းတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ရေလက်ကြားရှိ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ မော်တော်ဘုတ် အသေးစား ၆၀ ကျော် အပါအဝင် ပစ်မှတ် ၈၀ ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ဗဟို ကွပ်ကဲရေး တပ်ဖွဲ့ (Centcom) က ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့လက လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန်-အီရန် နားလည်မှု စာချွန်လွှာကို ချိုးဖောက်မှု ဖြစ်ပြီး တီဟီရန်အနေနဲ့ ပြတ်သားတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်သွားမယ်လို့ အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကီရှမ်ကျွန်း၊ ဘန်ဒါ အဘတ်စ်နဲ့ ဆီရစ်ခ် ဒေသတို့ကို အမေရိကန်က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကျည် အစအနတွေကြောင့် လူတွေ ဒဏ်ရာရရှိခဲ့တယ်လို့ အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။

ဟောမု့ဇ် ရေလက်ကြားမှာ ရေနံတင် သင်္ဘော ၃ စီးကို တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အီရန်က တိုက်ရိုက် ဝန်ခံ ပြောဆိုထားတာ မရှိသေးပါဘူး။

မော်တော်ဘုတ်ငယ် အစီး ၆၀ အပြင် အီရန်ရဲ့ ဒုံးကျည် ပစ်လွှတ်တဲ့ နေရာတွေနဲ့ ကွပ်ကဲရေး စင်တာတွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ Centcom ပြောကြားပေမယ့် ပစ်မှတ်တွေရဲ့ တည်နေရာကို ဖော်ပြမထားပါဘူး။

ရေနံတင် သင်္ဘော ၃ စီးကို တိုက်ခိုက်မှုဟာ လုံးဝ လက်မခံနိုင်စရာ လုပ်ရပ် ဖြစ်ကြောင်းနဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ အမေရိကန်က ပြောကြားခဲ့ပြီးတဲ့နောက် အခုလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ ရေလမ်းကြောင်းမှာ အပြစ်မရှိသူတွေ လိုက်ပါလာတဲ့ စီးပွားဖြစ် သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွက် ကြီးကြီးမားမား ပေးဆပ်စေဖို့ အမေရိကန်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း Centcom က ပြေပါတယ်။

တိုက်ခိုက်မှုတွေမတိုင်ခင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်အပေါ် ချမှတ်ထားတဲ့ ရေနံဆိုင်ရာ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ယာယီ ရုတ်သိမ်းပေးထားတဲ့ ကင်းလွတ်မှုကို ပယ်ဖျက်ခဲ့ပါတယ်။

ဒဏ်ခတ် ပိတ်ဆို့မှု ပယ်ဖျက် ပေးခဲ့တာက ပြီးခဲ့တဲ့ လအတွင်း ဝါရှင်တန်နဲ့ တီဟီရန်ကြား လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီ လုပ်ရပ်ဟာ အဲဒီ နားလည်မှု စာချွန်လွှာကို ချိုးဖောက်တာ ဖြစ်ကြောင်း၊ အမေရိကန် အစိုးရကို ယုံကြည်လို့ မကောင်းသလို၊ တသမတ်တည်းလည်း မရှိဘဲ ယုံကြည်စိတ်ချလို့ မရနိုင်ဘူးဆိုတာ သက်သေ ပြလိုက်တာပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

မိမိတို့ရဲ့ နိုင်ငံတော် အကျိုးစီးပွားနဲ့ နိုင်ငံတော် လုံခြုံရေးကို စောင့်ရှောက် ကာကွယ်ရေး လိုအပ်တဲ့ အစီအစဉ်မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ရေနံတင် သင်္ဘောတွေအပေါ် တိုက်ခိုက်မှုကို ကာတာနဲ့ ဆော်ဒီအာရေးဗီးယားတို့က ပြစ်တင် ရှုတ်ချထားပြီး အီရန်ကို အပြစ်တင်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.