အဘူဂျာ၊ ဇွန် ၈
နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ရင်ဆိုင်နေရသူတွေ အတွက် ထိုင်းအစိုးရက အမေရိကန် ဒေါ်လာ ၂၂၀၀၀ တန်ဖိုးရှိတဲ့ ဆန် ၁၂ ဒသမ ၄ မက်ထရစ်တန်ကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP သို့ လှူဒါန်းခဲ့ ပါတယ်။
ထိုင်းအစိုးရ ကိုယ်စား နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး သီရာပတ် မွန်ကိုနာဗင်က အဘူဂျာ မြို့ရှိ WFP ရုံးမှာ ဆန်တွေကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။
ဘော်နို၊ အဒါမာဝါ၊ ယိုဘီ စတဲ့ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ရင်ဆိုင်နေရတဲ့ ပြည်နယ်တွေဆီ အဲဒီ ဆန်တွေကို ဖြန့်ဖြူး ပေးသွားမှာ ဖြစ်ပါတယ်။
ဆန်လှူဒါန်းပွဲ အခမ်းအနားအတွင်း သံအမတ်ကြီးက ထိုင်းအစိုးရအနေနဲ့ လူသားချင်း စာနာရေး အကူအညီ ပေးရေး ကတိပေးထားကြောင်း ထပ်မံ ပြောကြားခဲ့ ပါတယ်။
အခုလို လှူဒါန်းမှုကြောင့် ခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံတွေနေရသူတွေ သက်သာရာရမယ်လို့ မျှော်လင့်ကြောင်းလည်း သံအမတ်ကြီးက ဆိုပါတယ်။
နိုင်ဂျီးရီးယား ရေရှည် စားနပ်ရိက္ခာ ဖူလုံစေရေး၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိုင်းက ဆန်စပါး စိုက်ပျိုးရေး အတွေ့အကြုံတွေကို ဝေမျှ ပေးဖို့ အသင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။
စောစောပိုင်းကလည်း ထိုင်းအစိုးရက UNOCHA စီမံခန့်ခွဲနေတဲ့ နိုင်ဂျီးရီးယား လူသားချင်း စာနာထောက်ထားရေး ရန်ပုံငွေအဖွဲ့သို့ ကန်ဒေါ်လာ ၁၀၀၀၀ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။
လိုအပ်ချက်တွေ ရှိနေတဲ့ အသိုင်းအဝိုင်းတွေကို ကူညီပေးနေကြတဲ့ WFP ဝန်ထမ်းတွေနဲ့ လူသားချင်း စာနာရေး လုပ်သားတွေရဲ့ ကြိုးပမ်းမှုတွေကို ထိုင်းက ကျေးဇူးတင်ကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။
နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ရင်ဆိုင်နေရသူ ၅ ဒသမ ၈ သန်းရှိကြောင်း ကုလသမဂ္ဂရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
၁၆ နှစ်ကြာ လက်နက်ကိုင် ပဋိပက္ခ၊ ရာသီဥတု အခြေအနေ ပြင်းထန်မှုနဲ့ ငွေကြေး ဖောင်းပွမှုတို့ကြောင့် နိုင်ဂျီးရီးယားမှာ စားနပ်ရိက္ခာ မဖူလုံတဲ့ ပြဿနာ ပိုမို ဆိုးရွားလာနေပါတယ်။
Ref:Khaosodenglish

