မောတောင်၊ မေ ၅
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့ကို စစ်ကော်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်ထံက သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ မောတောင်မြို့ကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးသီးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။
စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် မောတောင်မြို့အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်လသားအရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံကတော့ ဒီဗုံးကြဲမှုဟာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့သက်သက် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
မောတောင်မြို့ကို အခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ် မကြာခဏဆိုသလို ဗုံးလာကြဲနေတာကြောင့် မြို့တွင်းနေထိုင်သူတချို့ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း မောတောင်မြို့ အမှတ် ၃ ရပ်ကွက်နဲ့ဖောင်ဆိပ်ရွာတို့ကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးထားပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
မောတောင်မြို့ပြန်လည် ရရှိရေးအတွက် စစ်ကော်မရှင်တပ်က လေကြောင်းအပါအဝင် မြေပြင်ကနေ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

