ဝါရှင်တန်၊ မတ် ၁၀

အမေရိကန်နဲ့ အစ္စရေးက ဆက်လက် တိုက်ခိုက်နေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသကနေ ရေနံ တစ်လီတာမှ ပို့ဆောင်လို့ မရစေရဘူးလို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က မတ် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။

အရေးကြီးတဲ့ စွမ်းအင်ထုတ်လုပ်ရာ ဒေသရဲ့ ပြည်ပ ကုန်တင်ပို့မှုကို ပိတ်ဆို့ထားရင် အီရန်ကို အခုထက် ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပါတယ်။

အီရန် လုံခြုံရေးတပ်တွေက ခေါင်းဆောင်အသစ် မို့ဂျ်တာဘာနောက်မှာ စည်းစည်းလုံးလုံးရပ်တည်မယ့် လက္ခဏာတွေ မြင်နေရပြီး မကြာခင် ဦးညွှတ်မှာ မဟုတ်တဲ့ အခြေအနေတွေ မြင်တွေ့နေရတာကြောင့် ကမ္ဘာ့ ဘဏ္ဍာရေး ဈေးကွက် မတ် ၉ ရက်မှာ တက်လိုက်ကျလိုက် ဖြစ်ခဲ့ပါတယ်။

အီရန် စစ်တပ် ကြီးကြီးမားမား ထိခိုက် ပျက်စီးအောင် အမေရိကန်က လုပ်ဆောင်နိုင်ခဲ့ကြောင်းနဲ့ စစ်ပွဲ သီတင်းလေးပတ်အတွင်း ပြီးမယ်လို့ ကနဦး စီစဉ်ထားတာထက် ပိုစောပြီး ပြီးဆုံး နိုင်တယ်လို့ ထရန့်က ပြောပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက လိုအပ်သရွေ့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ မတ် ၁၀ ရက်မှာ ပြောပါတယ်။

ဖေဖော်ဝါရီ လကုန်ရက်က အီရန်နိုင်ငံတဝှမ်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ စတင်ပြီး နောက်ပိုင်း အီရန်မှာ သေဆုံးသူ ၁၃၃၂ ဦး ရှိပြီး ဒဏ်ရာရသူ ထောင်ပေါင်းများစွာ ရှိပါတယ်။

ကမ္ဘာကြီးအတွက် လိုအပ်တဲ့ စွမ်းအင်စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံ ဖြတ်သန်းနေတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ဖို့ အီရန်က ဆက်လက် ကြိုးပမ်းမယ်ဆိုရင် အီရန်ကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ထရန့်က ပြောထားပါတယ်။

စစ်ပွဲ မကြာခင် အဆုံးသတ်မယ်ဆိုတဲ့ ထရန့်ရဲ့ ပြောဆိုမှုနဲ့ အတူ ရေနံဈေးတွေ ပြန်ကျသွားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှု လိုအပ်ချက်အရ အမေရိကန်က ရုရှား ရေနံ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ ချိန်ထိုး စဉ်းစားနေပါတယ်။

အရှေ့အလယ်ပိုင်း ဒေသဆီက ရေနံ တစ်စက်မှ အပြင်သို့ မထွက်စေရဘူးလို့ ကြွေးကြော်ထားတဲ့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က စစ်ပွဲအဆုံးသတ်ကို ဆုံးဖြတ်သူဟာ မိမိတို့ပဲ ဖြစ်ရမယ်လို့ ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.