ရေး၊ ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ် ရေးမြို့နယ် ဘေးလမိုင်းကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန် တစ်နာရီနီးပါးအကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး မွန်ပြည်တော်လှန်ရေးတပ် MSFR က ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ MSFR တပ်က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရယ်ချန်နယ်တွေမှာတော့ အဲဒီတိုက်ပွဲအတွင်း ရန်သူ့အလောင်း နှစ်လောင်းအပါအဝင် သေနတ် သုံးလက်နဲ့ ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

ရေးမြို့နယ်မှာ ရွေးကောက်ပွဲပြီးနောက် စစ်ကော်မရှင်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည် ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ် ကျောင်းရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လှည့်ကင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.